ထက်ထက်ထွန်းကတော့ ၂၀၂၀ မှာ ရွေးကောက်ပွဲ ဝင်မပြိုင်တော့ပါဘူးတဲ့။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် လိုအပ်တာတွေကို လေ့လာသွားဦးမယ်လို့ ဆိုပါတယ်။
Photo: Htet Htet Htun
ထက်ထက်ထွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ဖြစ်တော့မှာမဟုတ်ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် မဲဆန္ဒနယ် (၃) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
“ ရွေးကောက်ပွဲ မပြိုင်တော့ပါဘူး။ တစ်မျိူး မတွေးပါနဲ့ ဒီနှစ်က ပိုက်ဆံရှာမယ့် နှစ်ပါ။ ပိုက်ဆံထပ်ရှာမယ်၊ ဗဟုသုတတွေရှာမယ်၊ နောက်နှစ်တွေမှာ သုံးဖို့အတွက် ပြန်စုထားမယ်။ ထက်က စိန်ခေါ်မှုတွေကို ကြိုက်တဲ့လူမျိူးဆိုတော့ Miss ပြိုင်ပွဲတွေလည်း ဝင်၊ ပြိုင်စရာ ပြိုင်ပွဲမရှိတော့ ရွေးကောက်ပွဲသွားပြိုင်တယ်။ သိပ်ပြိုင်ချင်တာလေ” လို့ ဆိုပါတယ်။
Photo: LiJohn
ထက်ထက်ထွန်းဟာ နောက်ထပ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လိုအပ်ချက်တွေ ဖြည့်ဆည်းနေတယ်လို့ ဆိုပါတယ်။ အရည်အချင်းပြည့်ပြီ၊ အဆင်သင့်ဖြစ်ပြီဆိုမှ ဝင်ပြိုင်တော့မယ်လို့ သူကပြောပါတယ်။
“ အခြေအနေမှာ ကိုယ့်ကို ယုံကြည်မယ့် ပြည်သူလူထုအနေနဲ့ ကိုယ့်အရည်အချင်းအပေါ်မှာ ယုံကြည်ဖို့ မဖြစ်နိုင်လောက်သေးဘူး။ တစ်ခါလာလည်း ပြိုင်ပွဲဝင်၊ ပြိုင်နိုင်စိန် လိုမျိုး လုပ်လို့လည်း မဖြစ်ဘူး။ အပြိုင်အဆိုင်ကို ကြိုက်တယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်ပြီလို့ ထင်မှ ထက်က ပြိုင်တာ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။
Photo: A Linn Young
နှစ်သစ်မှာတော့ ထက်ထက်ထွန်းက စီးပွားရေးအလုပ်တွေကို အဓိက ထားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ သူမ ကိုယ်တိုင်ကလည်း ပိုကြိုးစားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ ၂၀၂၀ မှာတော့ စီးပွားရေးဘက်ကို ပိုအားစိုက်မယ်။ ၂၀၁၉ တုန်းကလည်း ကိုယ်လုပ်ချင်တဲ့ သရုပ်ဆောင် အလုပ်တွေကို အချိန်တွေ အများကြီးပေးလိုက်တယ်၊ ရုပ်ရှင်ရိုက်တယ်ဆိုကလည်း ရတာကနည်းနည်း၊ ကုန်တာက များများ၊ ရွေးကောက်ပွဲဝင်တုန်းကလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝင်ရတာဆိုတော့ ကုန်တယ်။ ၂၀၁၉ မှာ ပိုက်ဆံတွေ အရမ်းသုံးထားတဲ့အတွက် ၂၀၂၀ မှာပိုက်ဆံရှာရမယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က မြက်နု ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Htet Htet Htun
ထက်ထက်ထွန်းကတော့ NINE Audio & Lighting Myanmar လုပ်ငန်းရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး အလုပ်မှာလည်း အောင်မြင်မှုတွေ ရရှိနေသူပါ။ ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။
Share