ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အဓိက အတိုက်အခံပါတီတစ်ခုဖြစ်လာတဲ့ Future Forward ပါတီကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ချေးငွေရယူခဲ့မှုဖြင့် ဖျက်သိမ်းရန် အမိန့်ချမှတ်လိုက်ပါတယ်။
ပါတီခေါင်းဆောင် လူငယ်လုပ်ငန်းရှင်ထံမှ ရွေးကောက်ပွဲစည်းရုံးမဲဆွယ်မှု ရန်ပုံငွေအတွက် ချေးငွေရယူခဲ့ပါတယ်
(ခုံရုံးစီရင်ချက်အမိန့်ကို ဖတ်ကြားစဥ်) (Photo: Khaosod English)
ယနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) ဖျက်သိမ်းရန်အမိန့်ချမှတ်ခံရတဲ့ Future Forward ပါတီဟာ ပါတီခေါင်းဆောင်ဖြစ်တဲ့ လူငယ်လုပ်ငန်းရှင် Thanathorn Juangroongruangkit ထံမှ ရွေးကောက်ပွဲစည်းရုံးမဲဆွယ်မှု ရန်ပုံငွေအတွက် ချေးငွေရယူခဲ့တယ်လို့ ဆိုပါတယ်။
Future Forward ပါတီဟာ ၂၀၁၇ ခုနှစ် နိုင်ငံရေးပါတီဆိုင်ရာဥပဒေ ပုဒ်မ ၇၂ ကို ချိုးဖောက်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပါတီဖျက်သိမ်းရန်ဆုံးဖြတ်ပြီး အမိန့်ချလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီဆိုင်ရာဥပဒေ ပုဒ်မ ၇၂အရ နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုခုမှာ ရာထူးရှိသူတစ်ဦးဟာ လှူဒါန်းထောက်ပံ့ငွေ၊ တန်ဖိုးရှိပစ္စည်း သို့မဟုတ် အခြား ငွေကြေးအကျိုးအမြတ်တွေကို လက်ခံရယူခြင်းမပြုရန် တားမြစ်ထားပါတယ်။
(Future Forward ပါတီကို ထောက်ခံသူများ) (Photo: Gemunu Amarasinghe/AP)
Future Forward ပါတီက ယမန်နှစ် မတ်လ ၂၄ ရက် အထွေထွေရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုအတွက် အသုံးပြုရန် ပါတီခေါင်းဆောင် Thanathorn ထံမှ ထိုင်းဘတ်ငွေ ၁၉၁ သန်း (အမေရိကန်ဒေါ်လာ ၆ သန်း) လက်ခံရယူခဲ့ပြီးနောက် နိုင်ငံရေးပါတီဆိုင်ရာဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ယမန်နှစ် ထိုင်းရွေးကောက်ပွဲမှာ စစ်တပ်ကိုထောက်ခံအားပေးတဲ့ Palang Pracharat ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ချမှတ်လိုက်တဲ့ အမိန့်အရ Future Forward ပါတီရဲ့ အမှုဆောင်အဖွဲ့ဝင် ၁၆ ဦးဟာ ဖေဖေါ်ဝါရီ ၂၁ ရက်မှစပြီး နောက်ထပ် ၁၀ နှစ်ကြာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရပါတယ်။
(Piyabutr Saengkanokkul နှင့် Thanathorn) (Photo: Khaosod English)
၎င်းတို့ဟာ လာမယ့်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ခြင်း၊ ပါတီအသစ် ဖွဲ့စည်းမှတ်ပုံတင်ခြင်း သို့မဟုတ် နိုင်ငံရေးပါတီအသစ်တစ်ခုခုမှာ ပါဝင်ခြင်းမပြုလုပ်ရန် ၂၀၃၀ ပြည့်နှစ်အထိ ပိတ်ပင်ခံရတာဖြစ်ပါတယ်။ ထိုသို့ ပိတ်ပင်ခံရသူတွေအနက် ပါတီတည်ထောင်သူနဲ့ ခေါင်းဆောင်ဖြစ်သူ Thanathorn နဲ့ ပါတီတွဲဖက်တည်ထောင်သူ Piyabutr Saengkanokkul တို့ ပါဝင်ကြောင်းသိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ချမှတ်လိုက်တဲ့ ပါတီဖျက်သိမ်းမိန့်အရ Future Forward ပါတီရဲ့ လွှတ်တော်အမတ်အရေအတွက်ဟာ ၇၆ ဦးမှ ၆၅ ဦးသို့ လျော့နည်းသွားပါတယ်။ ပါတီဖျက်သိမ်းခံရပေမဲ့ Future Forward ပါတီရဲ့ မူဝါဒသဘောထားတွေကို ဆက်လက် လုပ်ဆောင်နိုင်မယ်လို့ ပါတီခေါင်းဆောင် Thanathorn က ယုံကြည်နေပါတယ်။
ကျန်ရှိနေတဲ့ လွှတ်တော်အမတ်တွေက Future Forward ပါတီရဲ့ မူဝါဒတွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်
(Future Forward ပါတီ ထောက်ခံသူများ) (Photo: Khaosod English)
"ကျွန်တော်တို့ရဲ့ ကျန်ရှိနေတဲ့ လွှတ်တော်အမတ်တွေက Future Forward ပါတီရဲ့ မူဝါဒတွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်" လို့ ၎င်းကပြောပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က တည်ထောင်ခဲ့တဲ့ Future Forward ပါတီဟာ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တတိယနေရာကနေ ရပ်တည်လာနိုင်ပြီး အဓိက အတိုက်အခံပါတီတစ်ခု ဖြစ်လာခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ Palang Pracharat ပါတီ အသာရစေရန် ခြယ်လှယ်မှုတွေရှိခဲ့ကြောင်း Future Forward ပါတီက ပြောဆိုထားခဲ့ပါတယ်။ ယမန်နှစ်ရွေးကောက်ပွဲမှာ Palang Pracharat ပါတီ အနိုင်ရရှိမှုနဲ့အတူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
ဝန်ကြီးချုပ်ပရာယွတ်က ခုံရုံးရဲ့အဆုံးအဖြတ်ကို လေးစားကြရန် ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်
(ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: AFP)
ဗိုလ်ချုပ်ကြီးပရာယွတ်ဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံခဲ့ရတဲ့ ယင်လတ်အစိုးရကို ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ရာမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက Future Forward ပါတီကို ဖျက်သိမ်းမိန့်ချမှတ်လိုက်ပြီးနောက် ဝန်ကြီးချုပ်ပရာယွတ်က ခုံရုံးရဲ့အဆုံးအဖြတ်ကို လေးစားကြရန် ပြည်သူတွေကို တိုက်တွန်းခဲ့ကြောင်း CNA သတင်းက ဖော်ပြပါတယ်။
Share