ကော်မရှင်က သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အဖွဲ့အစည်းတွေကို စောင့်ကြည့်လေလာခွင့်ပိတ်ထားလိုက်တာပါ။

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အရပ်ဖက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က စည်းမျဉ်းတင်းကြပ်မှုတွေရှိနေတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရအသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိတဲ့အဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများထံမှ အထောက်အပံ့ရယူဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ၊ ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများအတွက် လုပ်ငန်းစဉ်ထုတ်ပြန်ချက် ၊ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုတဲ့မရှိတဲ့ အဖွဲ့အစည်းတွေကို စောင့်ကြည့်လေ့လာခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ် ။



ဓာတ်ပုံ- ၂၀၂၀ ရွေးကောက်ပွဲအတွက် တာမွေမဲရုံမှာ မဲစာရင်းလာကြည့်စဉ်။

ဒီလိုကန့်သတ်ခြင်းက အရပ်ဖက်လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေ လျော့နည်းသွားစေနိုင်ပြီး ရွေးကောက်ပွဲ အရည်အသွေး၊ ပွင့်လင်းမြင်သာမှု နဲ့ နိုင်ငံတကာယုံကြည်မှုကိုလျော့ကျစေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်မှုတွေရှိနေပါတယ်။

“ဒီကာလမှာ ရွေးကောက်ပွဲအောင်မြင်ဖို့ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၊ နိုင်ငံရေးပါတီ ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ သတင်းမီဒီယာရဲ့ ပူးပေါင်းမှုမပါဝင်ရင် ဒီရွေးကောက်ပွဲက ယုံယုံကြည်ကြည်နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ ခဲယဉ်းပါတယ်။" လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ် ။

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အနေနဲ့ လည်း၂၀၂၀အထွေထွေရွေးကောက်ပွဲကို စနစ်တကျစောင့်ကြည့်ဖို့ လူအင်အား၃၀၀၀ နီးပါး ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ PACE အနေနဲ့လည်း သတ်မှတ်စည်းမျဉ်းနဲ့မညီဟုဆိုကာ ၂၀၂၀အထွေထွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ရွေးကောက်ပွဲကော်မရှင်ရဲ့ပိတ်ပင်ခြင်းခံထားရပါတယ်။

''ဒါနဲ့ပတ်သက်ရင်က အားလုံးကတော့ ကြိုက်လှတယ်တော့မဟုတ်ဘူး ။ သတ်မှတ်ချက်တွေတော့ တွေ့တယ် ။ UEC အနေနဲ့ ခွင့်ပြုချင်တယ်ဆိုလည်း တကယ်က ခွင့်ပြုပေးလို့ရမှာပဲ ။ မပေးချင်လို့ မပေးလည်းပဲ ရတာပါပဲ ။ ကျွန်တော်တို့က သူတို့ထုတ်လိုက်တဲ့စည်းမျဉ်းထဲ သွားမိနေတာပေါ့နော် ။ အသင်းအဖွဲ့ဥပဒေအရက မှတ်ပုံတင်လည်းရတယ် မတင်လည်းရတာပဲ ။ အရင်တုန်းကတော့ပေးတယ် ။ ဦးတင်အေးတို့ကတောင် ပေးခဲ့သေးတာ ။ ဒီကိစ္စနဲ့ကို သိပ်တော့မကျေလည်ကြဘူး ။ လေ့လာစောင့်ကြည့်ခွင့်ရှိတာက လိုအပ်တာတွေ ထောက်ပြလို့ရမယ် ။ ဒီလိုစောင့်ကြည့်မှ ပိုပြီးပွင့်လင်းမြင်သာမှုရှိမယ် ။ ဒီလိုပဲမြင်တယ် ။ ရှိလည်းရှိသင့်တယ် '' လို့ ၂၀၁၅ခုနှစ်က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ဒီလို PACE အဖွဲ့ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လုပ်ငန်းစဉ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ပိတ်ပင်ခဲ့တဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်း ၄၄၃ ဖွဲ့က ကန့်ကွက်ခဲ့ပြီး ပိတ်ပင်မှုကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုချက် (၁၂) ချက်နဲ့ ပြန်လည်တောင်းဆိုကြောင်း ဒီကနေ့ သြဂုတ်လ ၁၃ ရက်ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

PACE အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ကို အဓိက လုပ်ကိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၅အထွေထွေရွေးကောက်ပွဲ နဲ့ ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အရပ်ဖက်အဖွဲ့အစည်း ၅၀ကျော်က လူအင်အား ၁သောင်းကျော်နဲ့ စောင့်ကြည့်လေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က