ကိုဗစ်ကြောင့် အခုလို နောက်ဆုတ်ခိုင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့အတွက် နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို နှစ်လနောက်ဆုတ်ပေးဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါက်တာ သက်သက်ခိုင်က တောင်းဆိုလိုက်ပါတယ်။

ပါတီကိုယ်စားပြုအနေနဲ့ နိုဝင်ဘာလ (၁၁)ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ကို အိတ်ဖွင့်စာ ပို့ထားပြီး လတ်တလောကာလမှာလည်း ကိုဗစ်ကြောင့် လူနာအရေအတွက်တိုးလာတဲ့အတွက် ရောဂါကို ထိန်းချုပ်နိုင်အောင် ရွေးကောက်ပွဲကို နောက်ဆုတ်သင့်တယ်တယ်လို့ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) မှာ ပြုလုပ်တဲ့ Webinar ကတစ်ဆင့် မီဒီယာတွေကို ပြောခဲ့တာပါ။



“ လက်ရှိမှာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်ဖို့လိုတယ်။ တကယ်လို့ နိုဝင်ဘာ (၈)ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ရင် မဲရုံတွေမှာ လူစု လူဝေးဖြစ်မယ်။ မဲထုတဲ့ တံဆိပ်တုံးတွေကို လူတိုင်းက ကိုင်ရမှာဆိုတော့ ရောဂါပျံ့ပွားမှုကို ပိုများစေတယ်။ အဲဒါကို ကျွန်မတို့စိုးရိမ်တယ်။ နောက်ပြီး ကိုဗစ်ကြောင့်အသွားအလာတွေကန့်သတ်ထားတဲ့အတွက် stay at home လုပ်ပြီး လမ်းတွေပိတ်ထားတော့ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လွတ်လပ်လပ် စည်းရုံးရေးမလုပ်ရတဲ့အတွက် ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာ (၂၇) မှာလုပ်ရင် သင့်တော်တယ်”လို့ ပြောခဲ့ပါတယ်။

ဒီလိုအချိန်ကာလမှာ သတ်မှတ်ထားတဲ့ ရက်အတိုင်း ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲမဖြစ်မှာကို PPP ပါတီအနေနဲ့ စိုးရိမ်တယ်လို့လည်း ဒေါက်တာ သက်သက်ခိုင်က ဆိုပါတယ်။

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ stay at home မြို့နယ်တွေမှာ မဲဆွယ် စည်းရုံးခွင့်မရှိပါဘူး။ လက်ရှိအခြေအနေမှာ ရန်ကုန်မြို့က stay at homeအဖြစ်ကြေညာထားတဲ့ မြို့နယ်တွေအနေနဲ့ လမ်းတွေပါ ပိတ်ထားတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

ရွေးကောက်ပွဲသာ နောက်မဆုတ်ဖြစ်ပါက ပြည့်သူ့ရှေ့ဆောင်ပါတီအနေနဲ့ကတော့ မဲဆွယ်စည်းရုံးတာတွေကို online ကနေ လုပ်ဆောင်သွားမှာဖြစ်သလို ကိုဗစ် သတ်မှတ်ချက်တွေနဲ့ မငြိစွန်းတဲ့ ဘေဘုတ် ကမ်ပိန်းတွေ၊ စတေကာကမ်ပိန်းတွေနဲ့ ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး မီဒီယာတွေကနေ အသိပေး တင်ပြတာတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က