ရမ်ဆေးနဲ့ ဘေးလ်တို့က အဲဗာတန်ကို ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့လည်း အဲဗာတန်တာဝန်ရှိသူတွေက ယုံကြည်နေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ အာရွန်ရမ်ဆေးတို့ကို တစ်ပြိုင်တည်းခေါ်ယူဖို့ စီစဉ်နေကြောင်းသိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးစလုံးဟာ သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူတွေဖြစ်ပြီး အဲဗာတန်က ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ရင်းနှီးမြုပ်နှံမှုတွေကို သိသိသာသာပြုလုပ်လာခဲ့တဲ့ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ငွေကြေးများစွာသုံးစွဲမှုတွေကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပေါင်သန်းရာချီသုံးစွဲကာ အသင်းကိုပြင်ဆင်တည်ဆောက်ခဲ့သလို နာမည်ကျော်နည်းပြအန်ဆယ်လော့တီကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။
အန်ဆယ်လော့တီကိုယ်တိုင်ကလည်း ရီးရဲလ်မှာ လက်တွဲခဲ့ဖူးတဲ့ ဘေးလ်ကို ခေါ်ယူဖို့နဲ့ ဂျူဗီကွင်းလယ်လူရမ်ဆေးတို့ကို မျက်စိကျနေခဲ့တာဖြစ်ပါတယ်။ ဘေးလ်အနေနဲ့ ရီးရဲလ်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်နေရပြီး ခြေစွမ်းလည်းမပြနိုင်လို့ လာမယ့်နွေရာသီမှာ ရောင်းချခံရဖို့ ရေပန်းစားနေပြီး ရီးရဲလ်က ပြောင်းရွှေ့ကြေးမဲ့နဲ့တောင် လက်လွှတ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။
ရမ်ဆေးကလည်း အာဆင်နယ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဆာရီလက်အောက်မှာ ရမ်ဆေးက စီးရီးအေပွဲ ၁၅ပွဲသာ ကစားခွင့်ရရှိထားခဲ့ပြီး ၃ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ဂိုးသွင်းကောင်းတဲ့ ကွင်းလယ်လူအဖြစ်နာမည်ကျော်ကြားခဲ့တဲ့ ရမ်ဆေးနဲ့ ဘေးလ်တို့က အဲဗာတန်ကို ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့လည်း အဲဗာတန်တာဝန်ရှိသူတွေက ယုံကြည်နေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။