ဒီတစ်ခေါက် iPhone SE ထုတ်လုပ်မှုလျှော့တာကတော့ စောလွန်းတယ်လို့ ဆိုရမှာပါ။
လက်ရှိကမ္ဘာ့အရေးအခင်းတွေရဲ့ ဂယက်နဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းမှုအကျိုးဆက်ကြောင့် တတိယမျိုးဆက် iPhone SE သစ်ကို မိတ်ဆက်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ထုတ်လုပ်မှုလျှော့ချလိုက်ပြီလို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။ သတင်းအရ Apple ဟာ iPhone SE သစ် ထုတ်လုပ်မှုကို ဒီသုံးလပတ်မှာ အလုံးရေ ၂ သန်းကနေ ၃ သန်းအထိ လျှော့ချသွားမယ့်အကြောင်း Suppliers တွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။
iPhone SE ကို ဝယ်လိုအားနည်းလို့ ထုတ်လုပ်မှုလျှော့ချခဲ့တာ ဖြစ်ပြီး iPhone 13 စီးရီးကိုတော့ ရာသီခွင်အလိုက်ဝယ်လိုအားအပြောင်းအလဲကြောင့် ကနဦးအမှာစာရဲ့ ၂၀% ခန့် ထုတ်လုပ်မှုလျှော့ချလာတာလို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ Apple ဟာ AirPods ထုတ်လုပ်မှုတွေ ၁၀ သန်းခန့် လျှော့ချထားတယ်လို့ ပြောထားပြီး ဘယ်မော်ဒယ်တွေကို ထုတ်လုပ်မှုလျှော့ချလာကြောင်းတော့ ပြောမထားပါဘူး။
Apple ဈေးကွက်သုံးသပ်သူတစ်ဦးဖြစ်တဲ့ မင်ချိကုအိုရဲ့ Tweet တစ်ခုမှာတော့ ၂၀၂၂ ခုနှစ်အတွက် iPhone SE သစ် တင်ပို့မှုကို ယခင် အလုံးရေ ၂၅-၃၀ သန်း မှန်းခြေကနေ ၁၅-၂၀ သန်း ကို လျှော့ချခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ အခုလို မှန်းထားချက်ကို လျှော့ချလိုက်တဲ့ အကြောင်းအရင်းကလည်း ဝယ်လိုအားနည်းလာခြင်းရဲ့ ရလဒ်ကြောင့်လို့ မင်ချိကုအိုက ပြောပါတယ်။
ဈေးအချိုဆုံး iPhone အဖြစ် ဆွဲဆောင်မှုနဲ့ မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ Special Edition သစ်ဟာ 5G ကွန်ရက်ပါလာပြီး 64GB ဗားရှင်းကို ဒေါ်လာ ၄၃၀ ဈေးနဲ့ စတင်ရောင်းချလာတာပါ။ အရင် ၂၀၂၀ မော်ဒယ်ထက် ဒေါ်လာ ၃၀ ဈေးပိုများပေမယ့် ဒီဇိုင်းပိုင်းမှာ iPhone SE 2020 စတိုင်အတိုင်း Touch ID နဲ့ Home Button ခလုတ်ထည့်သွင်းထားပြီး Screen Size ၄.၇ လက်မအရွယ်အစားနဲ့ လာတာ ဖြစ်ပါတယ်။
iPhone 13 စီးရီးမှာ သုံးတဲ့ A15 Bionic Chipset လိုမျိုး စွမ်းဆောင်ရည်မြင့်တဲ့ Processor ကြောင့် ပိုပြီးမြန်ဆန်သွက်လက်တဲ့အပြင် စွမ်းအင်ထိရောက်မှုပါ ပိုမြင့်လို့ Android Users တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ အခုတော့ iPhone SE 3 ထွက်ပြီး ၃ ပတ်မပြည့်ခင်မှာ ဝယ်လိုအားမကောင်းတာကြောင့် ထုတ်လုပ်မှုလျှော့ချကိန်း ဆိုက်လာတာလည်း ဖြစ်ပါတယ်။