သူ့အပေါ် ဝေဖန်သံတွေနဲ့ ပတ်သက်လို့ ဘရူနိုက တုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ သူ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ အာဆင်နယ်က ယူရိုသန်း (၈၀) ပေးပြီး ခေါ်ယူခဲ့ဖူးတဲ့ နီကိုးလပ်စ်ပီပီကိုပါ ဥပမာပေး တုံ့ပြန်လာခဲ့ပါတယ်။ (၂၀၂၀) မှာ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ အဆိုပါ ပေါ်တူဂီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပျောက်ဆုံးမှုကြောင့် ဝေဖန်ခံခဲ့ရပါတယ်။



လက်ရှိဘောလုံးရာသီမှာတော့ တန်ဟက်ခ်ရဲ့ ဦးစားပေးကစားသမားအဖြစ်ရှိနေပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ဘရူနိုဖာနန်ဒက်စ်က ပွဲထွက်ခွင့်ရနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ပြီး မကြာခင်မှာ ပင်နယ်တီကတဆင့် ဂိုးတွေရရှိခဲ့ပြီး ဒီအပေါ်မှာလည်း ပင်နယ်တီသာမရရင် ဂိုးမရတော့ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဘရူနိုဖာနန်ဒက်စ်က “ပီပီ ခြေစွမ်းမပြနိုင်တဲ့ပွဲတွေကျတော့ လူတိုင်းက ‘သူအသားကျဖို့ လိုအပ်သေးတယ်’ တဲ့”

“ဒါပေမယ့် ဘရူနိုဆိုတဲ့ ကျနော့်အလှည့်လည်းကျရော၊ ကျနော်က ကွင်းထဲမှာ တချိန်လုံးညည်းညူနေလို့ ဒါမှမဟုတ် ပွဲအပေါ် အာရုံမစိုက်လို့ဆိုပြီး ဖြစ်ပါလေရောဗျာ။ ကျနော့်အတွက်တော့ ကောင်းပါတယ်။ ဒီလိုတွေပြောကြတာက သူတို့ စိတ်ထဲမှာ ကျနော်က အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရလို့ပေါ့။ အဲ့ဒါကြောင့်လည်း လူတွေက ကျနော့်ဆီက ဒီလောက်တောင်းဆိုနေကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ပီပီဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ လိုင်လီကနေ အာဆင်နယ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားက အာဆင်နယ်အတွက် ပွဲပေါင်း (၁၁၂) ပွဲမှာ (၂၇) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ပြင်သစ်လီဂူးအသင်းတသင်းပဲဖြစ်တဲ့ နိုက်စ်ကို တရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က ကွင်းအတွင်း သူ့ရဲ့အပြုအမူတွေနဲ့ ပတ်သက်လို့လည်း “ကျနော် ယူနိုက်တက်အတွက် ကစားနေရတာပါ။ ဒီတော့ ကွင်းထဲမှာရှိတဲ့ ကင်မရာတွေက ကျနော်တို့ဆီကိုပဲ ရိုက်ပြနေတာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်က ကစားသမားတိုင်း ဒါမျိုးပါပဲ။ ခရစ္စတယ်ပဲလေ့စ်က ဇာဟာဆိုရင်လည်း ဒိုင်ကို အမြဲတမ်း ပွားနေတာပါ။ ဘာလို့လဲဆိုတော့ သူပြစ်ဒဏ်ဘော ကျူးလွန်ခံရလို့လေ။ ဒါက သာမန်ကိစ္စပါပဲ“ လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က