ဒေါ်လာသန်း ၄၀၀ ကျော်နဲ့ ဝယ်ထားတဲ့ Giphy ကို Facebook မိခင်ကုမ္ပဏီ Meta ဟာ တစ်ဆင့်ပြန်ရောင်းချရဖို့ ရှိပါတယ်။
နာမည်ကျော် Gif ဖန်တီးရေးပလက်ဖောင်းကြီးတစ်ခုဖြစ်တဲ့ Giphy ကို လက်လွှဲရောင်းချဖို့ Meta ကို ယူကေဈေးကွက်ပြိုင်ဆိုင်မှုစောင့်ကြည့်ရေးအာဏာပိုင်အဖွဲ့ CMA က အမိန့်ချမှတ်ထားတာ ဖြစ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုလျှောက်လှဲရေးခုံရုံးမှာ Meta အမှုရှုံးပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ခုံရုံးဘက်က Meta ကို ထိလွယ်ရှလွယ်ဖြစ်မယ့် Third-Party သတင်းအချက်အလက် မျှဝေမှုပြဿနာအပေါ် သဘောတူညီခဲ့ပြီးနောက် CMA ဟာ ဇူလိုင်လထဲမှာ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ခဲ့ပေမယ့် Giphy နဲ့ အရောင်းအဝယ်ဟာ ပြိုင်ဘက်လုပ်ငန်းတွေအနေနဲ့ Giphy GIFs ရယူမှုကို ကန့်သတ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုကို ထိခိုက်စေနိုင်တယ်လို့ ယူဆခဲ့တာပါ။
Photo: HyperBeast
Meta ဟာ Giphy ကို ပြီးခဲ့တဲ့ ၂၀၂၀ မေလထဲမှာ တရားဝင် မသိရတဲ့ ခန့်မှန်းတန်ဖိုးဒေါ်လာ သန်း ၄၀၀ ပေးပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ Giphy ကို ဝယ်တာဟာ Meta ပိုင် Instagram ရဲ့ Stories နဲ့ Direct Messaging တွေမှာ GIFs နဲ့ စတစ်ကာတွေကို ရှာဖွေဖန်တီးရ ပိုပြီး တိုးတက်လွယ်ကူစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ Giphy ကို တခြားသူတွေလည်း လွတ်လွတ်လပ်လပ် ယူသုံးနိုင်တယ်လို့ Meta ဘက်က ပြောထားပေမယ့် CMA ကတော့ နောက်တစ်လအကြာမှာ ဒီအရောင်းအဝယ်ကို စုံစမ်းစစ်ဆေးမှု လုပ်ပါတော့တယ်။
၂၀၂၀ ဩဂုတ်လထဲမှာ Giphy ကို ဝယ်ယူမှုဟာ လူမှုကွန်ရက်မီဒီယာနဲ့ ကြော်ငြာရေးပိုင်းမှာ ယှဉ်ပြိုင်မှုကို ထိခိုက်နစ်နာမှုရှိနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ Meta ကတော့ CMA ရဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလထဲမှာ Giphy ကို ပြန်ရောင်းချဖို့ အမိန့်ကို လျှောက်လှဲကန့်ကွက်ခဲ့ပါတယ်။ Giphy ကို ဝယ်ပြီး ပိုကောင်းအောင် အဆင့်မြှင့်တင်လိုက်တာဟာ လူတိုင်းအတွက် ရွေးချယ်စရာတွေ ပိုရှိလာမယ်လို့လည်း ခုခံချေပခဲ့ပါတယ်။
Meta ကို ရောင်းချခြင်း မလုပ်မီက Giphy ဟာ ယူကေအပါအဝင် နိုင်ငံတွေမှာ သူ့ရဲ့ကိုယ်ပိုင် ကြော်ငြာဝန်ဆောင်မှုတွေ ဖြန့်ချိခဲ့ပါတယ်။ Meta ကုမ္ပဏီဟာ Giphy ကို ပိုင်ဆိုင်သွားပြီ ဖြစ်လို့ တခြားလူမှုကွန်ရက်ပလက်ဖောင်းတွေရဲ့ Giphy GIFs ရယူမှုကို ကန့်သတ်တာ / ငြင်းဆန်တာမျိုး လုပ်ပြီး ရှိရင်းစွဲ ဈေးကွက်ဩဇာကို တိုးအောင် လုပ်နိုင်တယ်လို့လည်း CMA က သတ်မှတ်ထားတာပါ။
Photo: Ironity
လက်ရှိ ယူကေနိုင်ငံအတွင်း လူမှုကွန်ရက်ပေါ် သုံးစွဲသူတွေရဲ့အချိန်ကုန်ဆုံးမှု ၇၃% ဟာ Facebook ပိုင် လူမှုကွန်ရက်ပလက်ဖောင်းတွေ ဖြစ်တယ်လို့ လည်း ပြောထားပါတယ်။ Facebook ဟာ ယူကေနိုင်ငံအတွင်းက ဒေါ်လာ ၉.၄ ဘီလျံတန် ဒစ်ဂျစ်တယ်ကြော်ငြာဈေးကွက်ရဲ့ တစ်ဝက်နီးပါကို ထိန်းချုပ်ထားတာပါ။ Meta ဘက်က Giphy ရဲ့ GIFs ရယူမှုစည်းကမ်းတွေ ပြင်လာနိုင်တယ်လို့ CMA က ဆိုပါတယ်။
Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ CMA ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိပေမယ့် ထွက်လာတဲ့ ရလဒ်ကို လေးစားမှုရှိကြောင်း ၊ Giphy ကို ရောင်းချရေးမှာ ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ့်အကြောင်း ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ရွေးချယ်စရာတွေ ပိုပေးနိုင်ဖို့ လုပ်ငန်းဝယ်ယူမှုတွေ ဆက်လုပ်ဖို့ စဉ်းစားနေကြောင်းလည်း ပြောထားပါတယ်။