နိုင်ငံကိုယ်စားပြုအသင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ WESG S.E.A ပြိုင်ပွဲမှာတော့ မြန်မာ Dota 2 အသင်းဟာ လာအိုအသင်းကို တတိယနေရာလုပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့ WESG SEA 2019 Finals ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု Dota2 အသင်းဖြစ်တဲ့ Team Cyanide ဟာ တတိယနေရာကိုရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ အရှေ့တောင်အာရှတွင်းက ၁၀ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းဟာ Esports ကို တရားဝင်အသိအမှတ်ပြုအားပေးနေတဲ့ မလေးရှား၊ စင်ကာပူ တို့လို နိုင်ငံတွေကို အုပ်စုတွင်းမှာ အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံး ၄ သင်းအဆင့်အထိကို တက်လှမ်းနိုင်ခဲ့ပါတယ်။






        ဆီမီးဖိုင်နယ်အဆင့်မှာ လက်ရှိကမ္ဘာ့အဆင့် နံပါတ် ၂ နေရာက TNC(ဖိလစ်ပိုင်)အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့ပေမယ် Game 2 မှာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်ခုကို အပြန်အလှန်ကစားပြခဲ့ပြီး မြန်မာအသင်းတွေ မညံ့ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံကွာခြားမှုကြောင့် ရှုံးနိမ့်ခဲ့ရကာ ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ပြီး တတိယလုပွဲကိုသာ ယှဉ်ပြိုင်ခဲ့ရပါတယ်။




တတိယနေရာကို ယှဉ်လုရမှာတော့ တစ်ဖက်ဆီမီးဖိုင်နယ်မှ ဗီယက်နမ်ကိုယ်စားပြု 496 Gaming ကိုရှုံးနိမ့်လာတဲ့ လာအိုကိုယ်စားပြုအသင်း Aggressive Slayers အသင်းပါ။ Aggressive Slayers အသင်းဟာ Team Cyanide နဲ့ တစ်အုပ်စုတည်းအသင်းဖြစ်ပြီး Team Cyanide ကိုလည်း အုပ်စုအဆင့်မှာ အနိုင်ရရှိထားတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပါတယ်။

တတိယလုပွဲမှာ BO 3 ယှဉ်ပြိုင်ခဲ့ရပြီး Team Cyanide က 2-1 ရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့ကာ အရှေ့တောင်အာရှမှာ ထိပ်သီးအဆင့်ရှိတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ တကယ်တော့ Team Cyanide သက်သေပြခဲ့တာ အခုမှတင် မဟုတ်ပါဘူး။ မနှစ်က ကျင်းပခဲ့တဲ့ WESG SEA 2018 မှာလည်း ဒီကစားသမားတွေကပဲ Team Veteran နာမည်အောက်မှာ တတိယဆုကိုပဲ ရယူထားခဲ့ပါသေးတယ်။




        ပထမနေရာကိုတော့ မြန်မာအသင်းကို ဆီမီးမှာအနိုင်ရခဲ့တဲ့ TNC အသင်းကပဲ ဗီယက်နမ်ကိုယ်စားပြု 496 Gaming အသင်းကို ၂ - ၁ ရလဒ်နဲ့ အနိုင်ရရှိကာ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်လာခဲ့ပါတယ်။ TNC အသင်းဟာ တရုတ်နိုင်ငံမှာ ပြုလုပ်သွားမယ့် WESG World Final Stage အဆင့်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရသွားပြီဖြစ်ပြီး ဒုတိယနဲ့ တတိယရထားတဲ့ မြန်မာနဲ့ ဗီယက်နမ်အသင်းတွေကတော့ ကမ္ဘာ့အဆင့် WESG ပြိုင်ပွဲကို သွားရောက်ဖို့ ကြားထဲမှာ တစ်ဆင့်ပြန် လက်ရည်စစ်ပွဲကစားရဦးမှာဖြစ်ပါတယ်။




      Team Cyanide ဟာ လာမယ့် ဒီဇင်ဘာလမှာလည်း ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် SEA Games 2019 မှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ်နဲ့ သွားရောက်ယှဉ်ပြိုင်ရဦးမှာပါ။ SEA Games မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတွေရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံက Esports နဲ့ ဂိမ်းကစားခြင်းအပေါ် အမြင်တွေကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။


မြန်မာကိုယ်စားပြုအသင်းဟာ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားတဲ့ ဖိလစ်ပိုင်က TNC တစ်သင်းတည်းကိုသာ တကယ်ရှုံးနိမ့်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး လာမယ့် ဆီးဂိမ်းမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်လာမယ့်အသင်းက အခု WESG ဝင်ခွင့် Qualifier မှာ TNC ကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့တဲ့ Team Adroit ကို အခြေခံထားတဲ့ အသင်းကသာ လာရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆီးဂိမ်းမှာတော့ ဖိလစ်ပိုင်ကိုုယ်စားပြုအသင်းကိုပါ အနိုင်ရရှိဖို့ ပိုအခွင့်များနေတာ အမှန်ပါပဲ။




နောက်ဆုံးအနေနဲ့ Esports ကို ထောက်ခံအားပေးခြင်း နည်းပါးတဲ့နိုင်ငံမျိုးမှာ နေနေပေမယ့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲမှာ တတိယနေရာကို ရယူကာ မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ Team Cyanide အတွက် ဂုဏ်ယူမိသလို နောက်လာမယ့် SEA Games မှာလည်း အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။




Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က