ဒီနေ့ခေတ်မှာ လူတိုင်းညည်းနေတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ငွေကို ဘယ်လိုမှ စုဆောင်းလို့မရဘဲ အမြဲမွဲနေတယ်ဆိုတဲ့စကားပါပဲ။ တကယ်တော့ ငွေစုလို့ မရဘူးဆိုတာ သေချာ စနစ်တကျမစုဆောင်းလို့ရယ် ကိုယ့်စိတ်အလိုကို လိုက်လွန်းလို့ရယ်ကြောင့် ဖြစ်ရတာပါ။ ငွေကို တကယ်စုဆောင်းလိုစိတ်ရှိတယ်ဆိုရင်တော့ ငွေကို ဘယ်လို စနစ်တကျ စုဆောင်းရမလဲဆိုတာကို အခုပြောပြပေးချင်ပါတယ်။
ကိုယ့်အသုံးစရိတ်ကို အသေးစိတ်မှတ်ထားပါ
ငွေစုမယ်လို့ စဉ်းစားလိုက်ပြီဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က ကိုယ့်ရဲ့ ထွက်ငွေ အသုံးစရိတ်တွေကို အသေးစိတ်မှတ်ရမှာပါ။ ခု လူတိုင်းလိုလိုမှာ ဖုန်းတွေ ၊ ကွန်ပျူတာတွေရှိနေကြပြီဆိုတော့ အဲဒီထဲမှာ အလွယ်တကူ ရေးမှတ်ထားလို့ရပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာ အသုံးစရိတ် ၊ အသေးသုံးစရိတ် စတာတွေက အစ တစ်နေ့တာလုံး ကိုယ်ဘာတွေ ဝယ်ဖြစ် ၊ သုံးဖြစ် ၊ စားဖြစ်နေသလဲဆိုတာတွေကို အသေးစိတ် မှတ်ထားဖို့တော့ လိုပါတယ်။ ဒီလို ကိုယ့်ရဲ့ တစ်နေ့တာ အသုံးစရိတ်က ဘယ်လောက် ၊ တစ်လတာ အသုံးစရိတ်က ဘယ်လောက် ၊ တစ်နှစ်စာ အသုံးစရိတ်က ဘယ်လောက်ဆိုပြီး အသေးစိတ်မှတ်ထားခြင်းဟာ ချွေတာသုံးစွဲချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။
အသုံးစရိတ်ကန့်သတ်ပါ
တစ်နေ့တာ ဘယ်လောက်ကုန်ကျသလဲဆိုတာ သိသွားပြီးပြီဆိုရင်တော့ ငွေ ခုမှ စတင်စုဆောင်းမယ့်သူအတွက် အမြဲလိုလို အသုံးစရိတ်ကြမ်းတဲ့သူတွေအတွက် ပထမဆုံးနည်းက အသုံးစရိတ်ကန့်သတ်တာပါပဲ။ တစ်လအတွင်းမှာ ဘယ်လောက် ငွေပမာဏပဲ အသုံးပြုမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက်ပါ။ အဲဒီ ပမာဏနဲ့ ကိုက်ညီအောင် သုံးစွဲနိုင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်ပါ။ ဒီအတိုင်းဖြစ်အောင်လည်း ကျင့်သုံးဖို့လိုပါတယ်။
စုငွေသပ်သပ်ဖယ်ပါ
ကိုယ့်ရဲ့ တစ်လစာဝင်ငွေထဲကနေ ၁ဝရာခိုင်နှုန်း ဒါမှမဟုတ် ၁၅ ရာခိုင်နှုန်း စတင်စုဆောင်းပါ။ ငွေအသုံးကြမ်းတဲ့သူတွေအဖို့ ဒီပမာဏက စတင်စုဆောင်းဖို့ အသင့်တော်ဆုံး ပမာဏပါပဲ။ အသေးစား စုဆောင်းငွေကနေ စတင်ပြီးတော့ အခြေခိုင်လာပြီဆိုရင် တဖြည်းဖြည်း ရာခိုင်နှုန်း ထပ်တိုးစုဆောင်းပါ။ ဒီစုဆောင်းငွေကိုလည်း လုံးဝထုတ်ယူမသုံးစွဲမိစေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
အဖြုန်းကို အကန့်အသတ်ရှိရှိဖြုန်းပါ
တစ်နေ့တစ်နေ့ ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေအဖို့ ရှာပဲရှာပါ၊ မဖြုန်းပါနဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ဖြုန်းတီးမှုကိုတော့ အကန့်အသတ်နဲ့ဖြုန်းဖို့ လိုပါမယ်။ နေ့စဉ် ဘားသွားတာ ၊ Night out ထွက်တာထက် တစ်ပတ်မှ တစ်ကြိမ်သွားတာ ၊ ရုပ်ရှင်ကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း တစ်လကို ကိုယ့်ရဲ့ ဝင်ငွေအလိုက် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် သတ်သတ်မှတ်မှတ်ထားတာမျိုးတွေနဲ့ ကိုယ့်ရဲ့ ဖြုန်းတီးမှုကို ကန့်သတ်ထားဖို့ လိုပါတယ်။ လူတစ်ယောက်အဖို့ အပန်းဖြေမယ့်အချိန်ဆိုတာ ရှိသင့်ပါတယ်။ ကိုယ်အပန်းဖြေရမယ့်အချိန်၊ အရာက စျေးကြီးတဲ့အရာတွေ ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဝင်ငွေကိုလိုက်ပြီး အကန့်အသတ်လေးတွေနဲ့ ဖြုန်းတီးဖို့ တိုက်တွန်းချင်ပါတယ်။
ငွေစုပမာဏကို ပန်းတိုင်သတ်မှတ်ပါ
ကိုယ့်ရဲ့ အသေးစားငွေစုဆောင်းမှုက ၆လအတွင်း ဘယ်လောက် ပမာဏစုမယ်၊ တစ်နှစ်အတွင်း ငွေဘယ်လောက်ပမာဏ စုဆောင်းမယ်ဆိုတဲ့ ပန်းတိုင်လေးသတ်မှတ်ထားပါ။ပြီးရင်တော့ အဲဒီပန်းတိုင်တွေဆီရောက်အောင် တကယ်စုဆောင်းပါ။ နောက်ပိုင်းမှ အချိန်ကာလကို ဖြည်းဖြည်းချင်းစီ တိုးပါ။ တစ်ခါတရံမှာ ကိုယ်စုဆောင်းတဲ့ ပမာဏဟာ နည်းနေတဲ့အတွက် အားမလိုအားမရဖြစ်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ရဲ့ စုဆောင်းငွေကို အသုံးစရိတ်တွေထဲ မရောက်မိစေဖို့နဲ့ ကိုယ်သတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်း စုဆောင်းနိုင်ဖို့သာ ကြိုးစားပါ။
-ရေတိုပန်းတိုင်
အချိန်ကာလတိုတောင်းတဲ့ ပန်းတိုင်လေးတစ်ခုသတ်မှတ်ပါ။ ကာလကိုတော့ ၁နှစ်ကနေ ၃နှစ် အထိ ထားပြီး စုဆောင်းဖို့လိုပါတယ်။ ရည်ရွယ်ချက်အနေနဲ့ ခရီးထွက်ဖို့ ၊ ကားဝယ်ဖို့ ၊ အရေးပေါ်အသုံးစရိတ် အတွက်ဆိုပြီး သတ်မှတ်ထားပါ။ အရေးပေါ်ဆိုတိုင်း အရေးပေါ်ပြီဆိုပြီး ထုတ်သုံးတာမျိုးတော့ မလုပ်ပါနဲ့။ တကယ်ကို မသုံးမဖြစ် အသုံးပြုရမယ့် အခြေအနေရောက်မှသာ စုငွေတွေကို ထုတ်သုံးစေချင်ပါတယ်။ အဓိကကတော့ စုဆောင်းငွေတွေကို ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် ထုတ်သုံးမိတာမျိုး မပြုလုပ်မိပါစေနဲ့။
-ရေရှည်ပန်းတိုင်
ရေရှည်ပန်းတိုင်ကိုတော့ ၄နှစ်အထက် သတ်မှတ်ထားပါ။ ဒီစုဆောင်းငွေကိုတော့ ကိုယ့်ဘဝအတွက် အရမ်းကို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အသုံးပြုဖို့အတွက် ရည်ရွယ်စုဆောင်းပါ။ လူကြီးတွေရဲ့ ပြောစကားအရဆိုရင်တော့ ဒီစုဆောင်းငွေဟာ အိုစာမင်းစာအတွက် စုဆောင်းတဲ့ ငွေပါပဲ။ ဒီစုဆောင်းငွေကိုလည်း အရေးတကြီးကိစ္စရပ်တွေကလွဲလို့ မထိမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ လိုပါတယ်။
ဖြစ်နိုင်မယ်ဆိုရင်တော့ ရေတိုပန်းတိုင် နဲ့ ရေရှည်ပန်းတိုင် ငွေစုဆောင်းခြင်းကို ခွဲပြီး စုဆောင်းထားပါ။ ဘဏ်နှစ်ခုမှာ စုဆောင်းထားတာမျိုးလုပ်နိုင်ပါတယ်။ စုဆောင်းငွေတူညီနေတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ရေတိုပန်းတိုင်ကို ကိုယ်သတ်မှတ်ထားတဲ့ ပမာဏရောက်မှ ထုတ်သုံးတာမျိုးနဲ့ ရေရှည်ပန်းတိုင်ကို ကိုယ့်ဘဝရဲ့ အရေးတကြီး ကိစ္စရပ်တွေမှာ အသုံးပြုဖို့ပဲ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စုဆောင်းငွေတွေကို ပန်းတိုင်မတိုင်ခင် ထုတ်သုံးလိုက်တာမျိုး လုံးဝမဖြစ်စေဖို့ ဂရုပြုပါ။
ဦးစားပေးတွေကို သတ်မှတ်ပါ
ကိုယ့်ဘဝအတွက် တကယ်လိုအပ်နေတာတွေက ဘာလဲဆိုတာကို ချရေးလိုက်ပါ။ ချရေးလိုက်တဲ့ လိုအပ်ချက်တွေထဲကမှ ကိုယ့်အတွက် တကယ်အရေးတကြီးလိုအပ်တဲ့ ဦးစားပေးအရာအတွက် ရည်မှန်းပြီး ငွေစုပါ။ ဒီဦးစားပေးသတ်မှတ်ထားတဲ့အရာကလွဲလို့ တခြားအရာတွေ (ဘဝအတွက်အရေးတကြီးကိစ္စရပ်ကလွဲပြီး) အတွက် ဒီစုဆောင်းငွေတွေကို အသုံးမပြုမိစေဖို့ အထူးအရေးကြီးပါတယ်။
မှန်ကန်တဲ့ ငွေစုစနစ်ဖြစ်ပါစေ
ဘာအတွက်ပဲ ငွေစုစု ကိုယ် ငွေစုတဲ့ ပုံစံကမှန်ဖို့ လိုပါတယ်။ ကိုယ့်လက်ထဲထားပြီး စုဆောင်းတာ ၊ သူများတွေနဲ့ စပ်ပြီး စုမဲပုံစံ ငွေစုတာတွေထက်စာရင် ဘဏ်မှာ သွားအပ်ထားတာက ပိုပြီး စိတ်ချရပါတယ်။ စုမဲငွေစနစ်ကတော့ ရှုပ်ထွေးလွန်းပြီး ပြဿနာမြောက်မြားစွာ တက်တာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ လက်ထဲမှာပဲ စုထားရင်တော့ စိတ်မနိုင်ဘဲ သုံးစွဲမိသွားမှာ သေချာပါတယ်။ ငွေအသုံးကြမ်းပြီး ကိုယ့်စိတ်ကိုယ် မနိုင်ဘူးထင်ရင်တော့ စုဆောင်းငွေအဖြစ် သတ်မှတ်ပြီး စုထားတဲ့ ဘဏ်အကောင့်ကို ATM Card တွေ မထုတ်ဘဲ ဘဏ်စာအုပ်သပ်သပ်ပဲ ထားပြီး စုဆောင်းစေချင်ပါတယ်။
ကိုယ့်စုဆောင်းငွေ နဲ့ အသုံးစရိတ်ကို အမြဲချိန်ဆနေပါ
ပထမဆုံးပြောခဲ့တဲ့ အချက်ဖြစ်တဲ့ အသုံးစရိတ်မှတ်ထားတဲ့ စာရင်း နဲ့ တရိပ်ရိပ် များလာတဲ့ ကိုယ့်စုဆောင်းငွေတွေကို အမြဲ ချိန်ကြည့်နေပါ။ ဒီလိုချိန်ခြင်းအားဖြင့် ကိုယ်ဟာ ဘယ်နေရာမှာ မသုံးလိုက်ရင်တော့ ကိုယ့်ရဲ့ စုဆောင်းငွေဟာ ဘယ်လောက်တိုးပွားသွားနိုင်တယ်ဆိုတာမျိုး စိတ်တွက်နဲ့ တွက်လာပါလိမ့်မယ်။ အဲဒါဆိုရင်တော့ သုံးချင်ဖြုန်းချင်တဲ့စိတ်ထက် ကိုယ့်ရဲ့ စုဆောင်းငွေကို ပိုများစေချင်တဲ့ စိတ်က ပိုလာပါလိမ့်မယ်။
A1 Group ကို ဦးဆောင်နေတဲ့ မရည်ဝိုင်းဦးကလည်း ငွေစုဆောင်းလိုသူတွေအတွက် အကြံပေးစကားကို Duwun ကနေတဆင့် ခုလိုပြောပြပါတယ်။
“ငွေကို စနစ်တကျစုဆောင်းလိုသူတွေအတွက် အကြံပေးရမယ်ဆိုရင်တော့ တစ် - ပထမဆုံး MTB ဘဏ်မှာ အတိုးနှုန်းမြင့်တဲ့ Automatic saving plan နဲ့ စုပါ။ နှစ် - အပိုဝင်ငွေရှာပါ။ ဝန်ထမ်းတစ်ယောက်အနေနဲ့ အပိုဝင်ငွေရရှိနိုင်ဖို့ဆိုရင် (ဥပမာ- လကုန်လို့ လစာရတာဖြစ်စေ၊ ဘောနပ်စ်ရလာတာမျိုးဖြစ်စေ ) အဲဒီလိုအခါမျိုးမှာ စျေးမကြီးတဲ့ စျေးအသင့်အတင့်ရှိတဲ့ အဝတ်အစား ဒါမှမဟုတ် ဖန်စီလက်ဝတ်ရတနာလေးတွေကိုသာ ဝယ်ပြီး ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ ဆွေမျိုးတွေကို ပြန်ရောင်းတာမျိုးလုပ်ပြီး ကိုယ့်ရဲ့ ဝင်ငွေကို ထိန်းသိမ်းစုဆောင်းသင့်တယ်။ ဒါဟာလည်း တစ်နည်းအားဖြင့် အရောင်းအဝယ်ပိုင်းဆိုင်ရာ (ကုန်သွယ်ရေး) ကို လေ့လာတာနဲ့ အတူတူပဲပေါ့။ သုံး - အစားအသောက်Plan - ဒီနေရာမှာလည်း စားချင်တာတွေ စားလိုက်တာမျိုးထက် ပရိုတင်းဓာတ်အခြေခံတဲ့ အစားအစာတွေ ၊ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးသင့်တယ်။ အဲဒါက ကျန်းမာရေးအတွက်လည်း ကောင်းသလို ငွေကုန်ကြေးကျလည်း သက်သာစေတယ်။ နောက်ဆုံးတစ်ခုကတော့ အလှကုန်ပစ္စည်းတွေပေါ့။ အလှကုန်ပစ္စည်းရွေးချယ်တဲ့နေရာမှာလည်း စျေးကြီးတဲ့ Brand တွေနောက်မလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် လှပသေသပ်သန့်ရှင်းအောင်သာ ကြိုးစားပါလို့ မကတော့ အကြံပေးချင်ပါတယ်။”
ဒီအချက်တွေထဲက တကယ့်အရေးကြီးဆုံး ကိစ္စရပ်ကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်နိုင်ဖို့ပါပဲ။ ငွေစုဆောင်းသူတွေတော်တော်များများက ကိုယ့်ရဲ့ ရည်ရွယ်ထားတဲ့ ငွေပမာဏမတိုင်ခင် တခြားအရာတွေအတွက် စုဆောင်းငွေကို ထုတ်သုံးလိုက်တတ်ကြပါတယ်။တကယ်တမ်း ငွေစုဆောင်းတဲ့ အကျင့်ကလေးရှိလာပြီဆိုရင်တော့ ငွေကို ဘယ်လိုစနစ်တကျစုဆောင်းရမလဲဆိုတာကို နားလည်သွားပြီး မလိုအပ်တဲ့အရာတွေမှာ စုဆောင်းငွေတွေ ထုတ်မသုံးတော့ပါဘူး။ ဒီတော့ ငွေစုလို့မရဘူး ၊ ငွေတွေက အမြဲတမ်းကုန်သွားတယ်ဆိုတာတွေအတွက် အထက်ကနည်းလမ်းလေးတွေ အသုံးပြုပြီး ကိုယ့်ရဲ့ ဝင်ငွေတွေကို စနစ်တကျ စုဆောင်းသွားနိုင်ပါလိမ့်မယ်။