အကျင့်ဆိုတာ မွေးယူရတဲ့ အရာဖြစ်ပြီး စိတ်ရှည်လက်ရှည် တည်ဆောက်ရတာပါ။ ငွေစုတဲ့ အကျင့်ကတော့ အကျင့်နဲ့ အသားကျသွားဖို့ ပိုလို့တောင် ခက်ခဲတတ်ပါတယ်။ ငွေစုတဲ့ အကျင့်နဲ့ အသားမကျသေးတဲ့သူတွေအတွက် အခုပြောတဲ့ နည်းလမ်းလေးတွေက ငွေစုတဲ့အကျင့်လုပ်နေသူတွေအတွက် အထောက်အကူ ဖြစ်မှာပါ။
ပုံမှန် ငွေစုဆောင်းတဲ့ အကျင့်ရှိမှ အနာဂါတ်အတွက် စိတ်အေးရမှာပါ
(၁) အရေးပေါ်ငွေအတွက် တိကျတဲ့ အစီအစဉ်နဲ့ ငွေစုပါ
တစ်ချိန်ချိန်မှာ အရေးတကြီး ပိုက်ဆံလိုတဲ့ အချိန်ဆိုတာ ကြုံတတ်ပါတယ်။ အဲ့ဒီလို အရေးပေါ် အခြေအနေအတွက် အခုကတည်းက ငွေကို ပုံမှန်စုဖို့ လိုပါတယ်။ ငွေကို တစ်လ ဘယ်လောက် စုမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ကို မဖြစ်မဖြစ် စုဆောင်းဖို့ ဆုံးဖြတ်ပြီး ဖြစ်အောင် စုဖို့ လိုပါတယ်။
ဘယ်လောက်စုရမလဲဆိုတာကတော့ လူအမျိုးမျိုး ၊ အခြေအနေ အထွေထွေပါပဲ။ အနည်းဆုံး ကိုယ့်လက်ထဲမှာ ၈ လစာ အလုပ်မလုပ်ဘဲ စားနိုင်အောင် စုထားဖို့ ပညာရှင်တွေက အကြံပြုပါတယ်။ ဒီထက်မက ပိုစုနိုင်အောင်လေ စိတ်ချရလေပါပဲ။
(၂) နေ့တိုင်း မစုမဖြစ် စုဖို့ လုပ်ပါ
ငွေစုတယ်ဆိုရာမှာ တစ်လကို ၃ သိန်းဝင်လို့ ၅ သောင်းစု ဆိုတာနဲ့တင် ရပ်မနေသင့်ပါဘူး။ နေ့တိုင်းလုပ်နေရမယ့် အရာ ဖြစ်ပါတယ်။ တစ်နေ့ လက်ဖက်ရည်ဖိုး ၊ တက္ကစီဖိုးထဲကနေ ငွေ ၅၀၀- ၁၀၀၀ ဆိုသလို အပိုထွက်အောင် စိစစ်ခြိုးခြံပြီးလည်း နေ့တိုင်း ရသလောက် စုစု သွားမယ်ဆိုရင် ငွေစုတဲ့ အကျင့်လည်း ပုံမှန်ဖြစ်လာပြီး ငွေစုရတာကိုလည်း နှစ်သက်စွဲလမ်းသွားနိုင်ပါတယ်။
(၃) ကိုယ့်ရဲ့ ပန်းတိုင်ကို လှမ်းကြည့်ပါ
လစဉ်ငွေစုတဲ့အကျင့်လေး ပုံမှန်လုပ်လာလို့ တစ်နှစ်လောက် ရှိရင် ကိုယ်စုတဲ့ ငွေလေးက ထုနဲ့ ထည်နဲ့ ဖြစ်လာပါပြီ။ ငွေစုရင်းနဲ့ ရှေ့ရေးအတွက် ဒီငွေနဲ့ ဘာလေးတွေ လုပ်မယ်ဆိုပြီး အစီအစဉ်လေးတွေ ချရတာဟာ စိတ်အားလည်း ဖြစ်စေပါတယ်။ ငွေကို ပုံမှန်ဆက်ပြီး စုဖြစ်ဖို့အတွက်လည်း တွန်းအားလည်း ရစေနိုင်ပါတယ်။
(၄) ရတာထက် လျှော့သုံးပါ
ငွေစုတဲ့ အကျင့်အပြင် ငွေကို ပိုပြီး စုဆောင်းမိစေဖို့ အသုံးအစွဲချွေတာသင့်ပါတယ်။ "ရရစားစား" ဆိုရင် ဘယ်တော့မှလည်း ပိုက်ဆံစုဆောင်းမိမှာ မဟုတ်ပါဘူး။ ကိုယ်ရှာနိုင်တဲ့ ဝင်ငွေကို ရိုသေသောအားဖြင့် ကိုယ့်ရဲ့ အသုံးအစွဲကိုလည်း အလေအလွင့်မရှိအောင် ခြိုးခြံသင့်ပါတယ်။
အခုခေတ်လို မြင်မြင်သမျှ လိုချင်စရာတွေ များလှတဲ့ ခေတ်မှာ ခြိုးခြံချွေတာတဲ့ အကျင့်ရှိမှလည်း ငွေကို ပိုစုဆောင်းမိမှာ ဖြစ်ပါတယ်။ ငွေစုနိုင် ဆောင်းနိုင်မှလည်း ကိုယ့်ရှေ့ရေးအတွက် စိတ်အေးရမှာ ဖြစ်ပါတယ်။