ဝက်သားတုတ်ထိုးကို ခုံခုံမင်မင် စားတတ်ကြတဲ့ စာဖတ်ပရိသတ်တွေအတွက် အရသာလည်းရှိပြီး ဈေးလည်း အရမ်းတန်တဲ့ တုတ်ထိုးဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဝက်သားတုတ်ထိုးကြိုက်သူတွေအတွက် အသည်းစွဲလောက်မယ့်ဆိုင်ပါ။
ဘာ့ကြောင့် ဒီလို ညွှန်းရသလဲဆိုရင်တော့ သူ့ရဲ့ ဝက်သားတုတ်ထိုးဟာ တစ်ချောင်းတစ်ချောင်းကို အသားတုံးအကြီးကြီးတွေနဲ့ မို့ပါပဲ။ ဝက်သားတုတ်ထိုးဆိုရင် ပါးပါးသေးသေးလေးတွေသာကြုံဖူးကြတဲ့ ဝက်သားတုတ်ထိုးသရဲ တွေအတွက်တော့ အရမ်းကို အသည်းစွဲဖြစ်သွားမှာ သေချာပါတယ်။
ဆိုင်ရဲ့ ထူးခြားချက်
Photo: Win Lwin
ဆိုင်ရဲ့ အဓိကထူးခြားချက်ကတော့ လာစားသူတိုင်းက မတ်တတ်ရပ်စားရတာပါပဲ။ ဆိုင်စဖွင့်ကတည်းကနေ ခုထက်ထိတိုင် မတ်တပ်ရပ်စားနေရလည်း ဆိုင်က အမြဲလူအုံနေတာပါ။ လာဝယ်စားသူတွေက ကျီစယ်တဲ့သဘောနဲ့ မတ်တပ်တုတ်ထိုးရယ်လို့ နာမည်ပေးထားကြပါတယ်။
၁၀စုနှစ် သက်တမ်းကျော်ခဲ့ပြီ
Photo: Win Lwin
ဒီမတ်တပ်တုတ်ထိုးဆိုင်ရဲ့ သက်တမ်းဟာ ခုဆိုရင် ၁၂ နှစ်နီးပါးရှိနေခဲ့ပြီဖြစ်ပြီး ခုထိလည်း စဖွင့်ချိန်ကနေ ဆိုင်ပိတ်ချိန်ထိ ဝိုင်းအုံလုယက် ဝယ်စားနေကြဆဲပါပဲ။ ဒီလောက်ဆို မတ်တပ်တုတ်ထိုးဆိုင်ဟာ ဘယ်လောက်တောင် အရသာကောင်းမွန်သလဲဆိုတာ မပြောလည်း သိမယ်ထငိပါတယ်။
ဈေးနှုန်းလည်း မပြောင်းလဲ
Photo: Win Lwin
သက်တမ်း ၁၂ နှစ်နီးပါးရှိသွားလည်း ဈေးနှုန်းကတော့ ပြောင်းလဲမသွားပါဘူး။ တစ်ချောင်းကို - ၅၀ ကျပ်၊ ၁၀၀ ကျပ်နဲ့ အသားထူထူကြီးတွေ စားရမှာပါ။ တခြားဆိုင်တွေနဲ့မတူအောင် တုတ်ထိုးအကြီးကြီး တွေ အရသာရှိရှိ စားနေရပေမယ့် ၁၂ နှစ်တိုင်အောင် ဈေးနှုန်းပြောင်းလဲခြင်း မရှိဘဲ တစ်ချောင်း ၅၀ ၊ ၁၀၀ နဲ့ ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။
ဆိုင်ရှင်ကြီးရဲ့ ဟာသဉာဏ်
Photo: Win Lwin
ဆိုင်ရှင်ကြီးက အရမ်းကို စေတနာကောင်းရုံမက ဟာသဉာဏ်လည်း အင်မတန် ရွှင်ပါတယ်။ လာစားသူတွေက သူ့ရဲ့ ဟာသကြောမှာ ရယ်မောပျော်ရွှင်စွာနဲ့ စားသောက်ကြရတာပါ။ သူ့ရဲ့ စေတနာကောင်းမှု ၊ ဟာသဉာဏ် ရွှင်မှုတို့ကြောင့် တောင်ဒဂုံတင်မက ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်ပိုင်း၊ သန်လျင်နဲ့ တာမွေမြို့နယ်တွေကပါ လာရောက်စားသုံးကြပါတယ်။ ညနေ ၃နာရီကနေ ည ၉နာရီထိ ဖွင့်ပြီး လပြည့်နေ့တွေဆိုရင်တော့ ဆိုင်ပိတ်တတ်တဲ့အတွက် မှတ်ထားပေးပါနော်။
ဆိုင်ရဲ့ တည်နေရာ
Photo: Win Lwin
ဒီလို ဟာသတွေလည်း ကြားရမယ်၊ ဝက်သားတုတ်ထိုး အကြီးကြီးတွေကို အရသာကောင်းကောင်း တန်တန် စားချင်တယ်ဆိုရင်တော့ တောင်ဒဂုံ မြိတ်လမ်းနဲ့ စည်ပင်လမ်းထောင့် ဂိတ်ဟောင်းဈေးမှတ်တိုင်နားက မတ်တတ်တုတ်ထိုးဆိုင်ကို သွားစားကြည့်ကြဖို့ ညွှန်းလိုက်ပါရစေ။