တစ်လအတွင်း ဝက်တွေသေဆုံးမှုများလာတာကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရောဂါရှာဖွေရေးဌာနခွဲကနေ ရောဂါရှာဖွေမှုတွေပြုလုပ်လျှက်ရှိပါတယ်။
ဝက်တွေနေမကောင်းဖြစ်ရာကနေ သေဆုံးလျှက်ရှိတာကြောင့် အာဖရိက ဝက်အပြင်းဖျားရောဂါဟုတ် ၊မဟုတ်ကို ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
“ ဆရာတို့ဌာနကနေ သိထားတာကတော့ ပြီးခဲ့တဲ့လကထိ နေပြည်တော် ပျဉ်းမနားမှာ ဝက်တွေသေဆုံးလျှက်ရှိတယ်ဆိုလို့ ကွင်းဆင်းစစ်ဆေးပြီးပြီ။ ဘာကြောင့်သေလဲဆိုတဲ့အကြောင်းအရင်းလည်းသိဖို့လိုတော့ ဆရာတို့အထင် အာဖရိကဝက်အပြင်းဖျားရောဂါ ဟုတ်/မဟုတ် စစ်ဆေးမှုတွေပြုလုပ်နေတယ်။ အခုထိတော့ အဖြေမသိရသေးဘူး။ အဖြေသိရရင်လည်း ပြည်သူတွေသိရအောင် သတင်းအမှန်ကို ချပြမှာပါ။ ခုတော့ စစ်ဆေးမှုတွေလုပ်နေတုန်းပါ” လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရောဂါရှာဖွေရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်အောင်က Duwun ကိုပြောပါတယ်။
လတ်တလောပြည်သူတွေကြားမှာလည်း ဝက်အသေသားတွေကို လျှော့စျေးတွေနဲ့ ရောင်းချမှုတွေလည်းရှိနေပါတယ်။ ဒီကာလမှာ ဝက်သေဆုံးမှုတွေများလာတာကြောင့် ဝက်သားစျေးတွေကျသလို ဝက်မွေးမြူရေးလုပ်တဲ့သူတွေလည်း အရှုံးပေါ်နေတယ်လို့သိရပါတယ်။
“ ဒီဘက်မှာလည်းဖြစ်တယ်။ ဝက်တွေနေမကောင်းဘဲ သေသွားတာတွေ။ မသေခင် အသားပေါ်ပြီးရောင်းတာတွေရှိတယ်။ သေတဲ့အသားတွေဆိုတော့ စျေးကတော့ ပုံမှန်စျေးထက်ကျတာပေါ့။ အရင် တစ်ပိဿာ (၈၀၀၀)ဆို အခု (၆၀၀၀)ပဲရှိတယ်။ မွေးမြူရေးလုပ်တဲ့သူတွေဆို ဝက်တွေနေမကောင်းလို့ ဒိုင်တွေကို အရှုံးခံပြီးရောင်းကြတာ။ ဒိုင်တွေက စျေးထဲမှာဝက်သားရောင်းရင်လည်း အသေသားတွေနဲ့ ကောင်းတတာတွေရောရောင်းတာရှိတယ်။ အိမ်ကတော့ ဝက်တွေခုလိုဖြစ်တယ်ဆိုကတည်းက ဝက်သားဝယ်မစားဖြစ်ဘူး” လို့ နေပြည်တော် လယ်ဝေးမြို့မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
လတ်တလောမှာတော့ ဝက်တွေသေဆုံးနေမှုနဲ့ ပတ်သက်လို့ ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်နေသလို အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပါကလည်း ဒီရောဂါက လူတွေကို မကူးစက်နိုင်ဘူးလို့သိရပါတယ်။
လူတွေကို မကူးစက်နိုင်ပေမယ့်လည်း ဘာရောဂါနဲ့ဘဲသေသေ ဝက်အသေသားတွေကို မစားသုံးသင့်ဘူးလို့ ဦးခင်အောင်ကပြောပါတယ်။
ဝက်မွေးမြူရေးသမားတွေအနေနဲ့ကလည်း အသေသားတွေကို ရောင်းချခြင်းမပြုဘဲ မီးရှို့၊မြေမြှုပ်၊ ပိုးသတ်တာတွေလုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုပြောကြားခဲ့ပါတယ်။