ယခု ကယ်ဆယ်ရေးဟာ ဝေးလ်မှာ ဂူထဲကနေ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့မှုတွေအနက် အချိန်အကြာဆုံးလည်း ဖြစ်လာပါတယ်

ဝေးလ်နိုင်ငံရှိ တောင်တန်းထူတပ်ရာ Brecon Beacons နယ်မြေအတွင်း ဂူထဲကိုဝင်ရောက် စူးစမ်းလေ့လာစဥ် ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးကို နှစ်ရက်ကြာပြီးနောက် စနေနေ့ (နိုဝင်ဘာ ၆ ရက်) မှာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: SMWCRT)

ထိုအမျိုးသားကို လူနာတင်ထမ်းစင်တစ်ခုဖြင့် မြေပေါ်သို့ တင်ပို့နိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေကို လက်ခုပ်တီးပြီး ကြိုဆိုခဲ့ကြပါတယ်။ထို့နောက် အသင့်စောင့်ဆိုင်းနေတဲ့ အရေးပါ်လူနာတင်ယာဥ်ဖြင့် ခေါ်ဆောင်သွားခဲ့ပါတယ်။ South and Mid Wales Cave Rescue Team (SMWCRT) က ပြောကြားမှုအရ အဆိုပါ အမျိုးသားဟာ Powys ဒေသ Penwyllt ရွာငယ်အနီးရှိ Ogog Ffynnon Ddu ဂူထဲကို ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။



၎င်းဟာ ဒဏ်ရာတွေရထားပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေကြောင်း SMWCRT အဖွဲ့က ပြောပါတယ်။ ဒဏ်ရာရပြီး ဂူထဲမှာ သောင်တင်နေတဲ့ အမျိုးသားကို ကယ်ဆယ်ရေးမှာ လူအင်အား ၂၅၀ ပါဝင်ခဲ့ကြပါတယ်။ Brecon Beacons မှာ မြူဆိုင်းနေပြီး စိုစွတ်တဲ့ အခြေအနေကြောင့် ဂူရှိတဲ့နေရာကို ရဟတ်ယာဥ် မဆင်းသက်နိုင်တာကြောင့် လူနာတင်ယာဥ်ဖြင့်သာ ထိုအမျိုးသားကို ခေါ်ဆောင်သွားခဲ့ရတာ ဖြစ်ပါတယ်။

(Photo: SMWCRT)

၎င်းကို ဂူထဲကနေ လူနာတင်ထမ်းစင်ပေါ်တင်ပြီး ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးအဖွဲ့သားတွေက အဆိုင်းလိုက် အလှည့်ကျ သယ်ယူခဲ့ကြပါတယ်။ ယခု ကယ်ဆယ်ရေးဟာ ဝေးလ်မှာ ဂူထဲကနေ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့မှုတွေအနက် အချိန်အကြာဆုံးလည်း ဖြစ်လာပါတယ်။ ယခင်က အချိန်အကြာဆုံး ကယ်ဆယ်ရေးဟာ ၄၁ နာရီကြာခဲ့ပြီး ယခု ကယ်ဆယ်ရေးကတော့ ၅၃ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရပြီး ဂူထဲမှာ သောင်တင်နေခဲ့တဲ့ အမျိုးသားနဲ့အတူ နောက်ထပ် အမျိုးသားတစ်ဦး ပါရှိခဲ့ရာ ၎င်းက ရဲတပ်ဖွဲ့ထံ မတော်တဆဖြစ်မှုကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ လမ်းကြောင်းတွေရှိရာ Ogof Ffynnon Ddu ဂူဟာ အနက်ဆုံးအပိုင်းမှာ ၉၀၂ ပေခန့်ရှိတယ်လို့ ဆိုပါတယ်။ ထိုဂူဟာ ‌‌ဝေးလ်မှာ ဒုတိယ အကြီးဆုံးနဲ့ ဗြိတိန်မှာ အနက်ရှိုင်းဆုံး ဂူတွေထဲမှ တစ်ခုဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က