ရွှေကြိုအတွက် လျှောက်လွှာများကို ၂၀၂၀ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထားပြီးတင်ပေးကြဖို့ ရုပ်ရှင်ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။ ဒီနှစ် ရွှေကြိုကိုတော့ စိတ်ဝင်စားတဲ့သူတွေ ပိုများတယ်လို့ ဆိုပါတယ်။
Photo: Myo Min (၂၀၁၃ ခုနှစ် အကယ်ဒမီ ဗန်းကိုင်များ)
၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာပါဝင်မယ့် ရွှေကြိုမောင်မယ်တွေကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က လျှောက်လွှာခေါ်ယူခဲ့ပါတယ်။ လျှောက်လွှာပိတ်ဖို့အတွက် တစ်လ အချိန်ပေးထားတယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က Duwun Media ကို ပြောပြခဲ့ပါတယ်။
“ရွှေကြိုဖောင်တွေက ဒီဇင်ဘာ ၁၇ ရက်နေ့ ပိတ်မှာ မဟုတ်ပါဘူး။ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ သူတို့ကို ၁ လလောက် အချိန်ပေးထားတာပါ။ လာလျှောက်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ရွှေကြိုအတွက် အကဲဖြတ်ဒိုင်တွေကတော့ ကိုရန်လေး၊ ကိုခန့်စည်သူ နဲ့ မဆင့်တို့အပြင်နောက်ထပ် ကော်မတီဝင်တွေနဲ့ဆို ၁၂ ယောက်၊ ၁၃ ယောက်လောက်ရှိတယ်” လို့ ဆိုပါတယ်။
Photo: Myo Min ( ၂၀၁၄-၂၀၁၅ ခုနှစ် ရွှေကြိုမောင်မယ်များ)
နှစ်ပေါင်းများစွာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို ကိုင်ဆောင်တဲ့သူကို ၂၀၁၂ ခုနှစ်အထိ အကယ်ဒမီဗန်းကိုင် လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။၂၀၁၄-၂၀၁၅ခုနှစ်ကစပြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မိန်းကလေးတွေသာမက ယောကျ်ားလေးတွေလည်း ပါဝင်လာတာဖြစ်တဲ့အတွက် အကယ်ဒမီ ရွှေကြိုမောင်၊မယ်များ ဆိုပြီးတော့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။
ဒီနှစ်(၂၀၁၉ ခုနှစ်) ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ ပါဝင်ရမယ့် ရွှေကြိုနေရာကိုတော့ စိတ်ဝင်စားသူတွေ ပိုများတယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
“ ရွှေကြိုက ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထားလျှောက်ရမှာဖြစ်ပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့လောက်အထိ ဒိုင်တွေ ရွေးဦးမှာပေါ့။ နောက်ကျရင်တော့ လူတွေ့တွေ စစ်တော့မယ်။ ၁၀ရက်နေ့ နောက်ပိုင်းမှာ လူစရွေးတော့မယ်ပေါ့။ မနှစ်က အနုပညာရှင်တွေရဲ့ သားသမီးတွေကိုပဲ ရွေးခဲ့တဲ့ အခါမှာ ဒီနှစ်က အပြင်လူတွေ ဝင်လျှောက်လို့ရတယ်ဆိုတော့ စိတ်ဝင်စားမှုက ပိုများတာပေါ့” လို့ သူကဆိုပါတယ်။
(၂၀၁၈ ခုနှစ်အတွက် ရွှေကြိုမောင်မယ်များ နဲ့ အကဲဖြတ်ဒိုင်များ)
ရွှေကြို လျှောက်ထားရာမှာလည်း အနုပညာအလုပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူ၊ အတွေ့အကြုံ မရှိဖူးသူတွေလည်း ပါဝင်လို့ရတယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ အဓိက ကတော့ လျှောက်လွှာမှာပါဝင်တဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီဖို့ လိုတယ်လို့ဆိုပါတယ်။
“ အနုပညာသင်တန်း တက်နေတဲ့သူတွေ၊ MTV တွေ၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖူးတဲ့သူတွေလည်း ဝင်လျှောက်လို့ရတယ်။ ရုပ်ရှင်အစည်းအရုံးမှာဖွင့်ထားတဲ့ သရုပ်ဆောင်သင်တန်းက သင်တန်းသူ၊ သင်တန်းသားလေးတွေလည်းပါတယ်။ စကားဝါ သင်တန်းက ဝါသနာရှင်တွေလည်း လာလျှောက်တာ တွေ့ရတယ်။ ရွှေကြို ဆိုတာကလည်း မင်းသား၊ မင်းသမီးဖြစ်ဖို့ လမ်းစများတယ်။ အခွင့်အရေးလည်းကောင်းတယ်။ ဒီကနေမှတဆင့် သရုပ်ဆောင်ဖြစ်သွားတဲ့သူတွေလည်းရှိတာကိုး” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
ဦးညီညီထွန်းလွင်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က စပြီး မြန်မာနိုင်ငံရုပ်ရှ င်အစည်းအရုံး ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဦးဇင်ဝိုင်း ကျန်ရှိခဲ့တဲ့ ဥက္ကဌသက်တမ်း (၁၁) လအတွက်သာ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ ရုပ်ရှင် လောကသားတွေအနေနဲ့ ရွေးကောက်ပွဲ လုပ်ပြီး ဥက္ကဌသစ်ကို ထပ်မံရွေးချယ်သွားရမှာပါ။
Share