Dorset ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ မနေ့က ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းဟာ ဆာလာရဲ့ ရုပ်အလောင်းဖြစ်တယ်လို့ အတည်ပြုသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ်ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ လေယာဉ်ပေါ်မှာ ဆာလာ နဲ့ လေယာဉ်မောင်းတို့ လိုက်ပါသွားခဲ့ပြီးနောက် လေယာဉ်ကိုယ်ထည်ကို ရှာတွေ့ခဲ့ပြီးနောက် ရုပ်အလောင်းတစ်ခုကိုပါ တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို Portland ကို ပို့ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှာ ဆာလာဖြစ်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဆာလာ အသက်ရှင်နေဦးမလားဆိုတဲ့ မျှော်လင့်ချက်ယဲ့ယဲ့ကို အဆုံးသတ်လိုက်ခဲ့တာ ဖြစ်ပြီး ဆာလာရဲ့ မိသားစုဝင်တွေအတွက်တော့ ရုပ်အလောင်းကို ပြန်ရတာနဲ့ပဲ နှစ်သိမ့်ရတော့မှာပါ။
"ရုပ်အလောင်းကို Portland ကို သယ်ဆောင်ပြီးတော့ ဓာတ်ခွဲစမ်းသပ်မှုတွေအပြီးမှာ ဒီရုပ်အလောင်းက ဆာလာဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်၊ သူ့ရဲ့ မိသားစုဝင်တွေ နဲ့ လေယာဉ်မှူး အိုက်ဘော့ဆန်တို့ရဲ့ မိသားစုဝင်တွေဆီကို နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေ ကျွန်တော်တို့ ပေးပို့ထားပြီးတော့ သူတို့ကို အထူးလေ့ကျင့်ထားတဲ့ ဆက်ဆံရေးအရာရှိတွေက အားပေးကူညီသွားမှာပါ"
"ဒီလို ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ သူတို့နဲ့အတူ ကျွန်တော်တို့လည်း ထပ်တူဝမ်းနည်းနေရပါတယ်" လို့ ရဲတပ်ဖွဲ့က သတင်းရေးသားထုတ်ပြန်ခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး ဆာလာဟာ ကာဒစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဝေးလ်ကိုအလာမှာ အခုလို အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေကတော့ နောက်ဆုံးအချိန်ထိ မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မနေ့က ရရှိခဲ့တဲ့ သတင်းတွေအရ ဆာလာရဲ့ ကိစ္စမှာ ဦးစီးဆောင်ရွက်နေတဲ့ The Air Accidents Investigation Branch (AAIB) အဖွဲ့က အလောင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို ရရှိအောင် ယူဆောင်ခဲ့ပြီးနောက်မှာ ရာသီဥတုဆိုးရွားခဲ့တဲ့အတွက် ရှာဖွေမှုတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။
'ဒီနေ့မနက်ပိုင်းမှာတော့ ရုပ်အလောင်းကို စစ်ဆေးခဲ့ကြပြီး ဆာလာဖြစ်တယ်လို့အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုလိုအဖြစ်မျိုးအတွက် မိသားစုနဲ့အတူတူ ကြေကွဲရပါတယ်လို့ AAIB ကလည်း ပြောဆိုခဲ့ပြီး တစ်ကမ္ဘာလုံးကလည်း ဆာလာရဲ့ ကိစ္စမှာ စိတ်ဝင်စားခဲ့ကြကာ အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဆာလာရဲ့ ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။