လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးမှာ ၇ နှစ်ကြာ ခိုလှုံနေထိုင်ခဲ့ပါတယ်။

အစိုးရအဖွဲ့အစည်းတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖွင့်ချလေ့ရှိတဲ့ Wikileaks ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အက်ဆန်းကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။

(ဂျူလီယန်အက်ဆန်းကို ဖမ်းဆီးလာစဉ်) (Photo: The Guardian)

ဂျူလီယန်အက်ဆန်းဟာ လန်ဒန်မြို့ရှိ အီကွေဒေါနိုင်ငံဆိုင်ရာသံရုံးမှာ ၂၀၁၂ ခုနှစ်ကတည်းက ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အီကွေဒေါသံရုံးက ဗြိတိန်ရဲတပ်ဖွဲ့ကို သံရုံးအတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ဂျူလီယန်အက်ဆန်းကို ယနေ့ (ဧပြီ ၁၁ ရက်) ဖမ်းဆီးလိုက်ပါတယ်။ တရားရုံးတော်သို့ လာရောက်အဖမ်းခံရန် ပျက်ကွက်မှုအတွက် ဂျူလီယန်အက်ဆန်းကို အီကွေဒေါသံရုံးမှာ သွားရောက်ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။


(ဂျူလီယန်အက်ဆန်းကို ဖမ်းဆီးလာစဉ်) (Photo: CNN)

"အသက် ၄၇ နှစ်အရွယ် ဂျူလီယန်အက်ဆန်းကို ဒီနေ့ ဧပြီ ၁၁ ရက် ကြာသပတေးနေ့မှာ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က အီကွေဒေါသံရုံးမှာ ဖမ်းဆီးလိုက်ပါပြီ" လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အီကွေဒေါအစိုးရက ဂျူလီယန်အက်ဆန်းကို နိုင်ငံရေးခိုလှုံခွင့်ပေးထားမှု ရုပ်သိမ်းလိုက်ပြီးနောက် သံအမတ်ကြီးက ရဲတပ်ဖွဲ့ကို သံရုံးသို့ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျူလီယန်အက်ဆန်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုအတွက် ၎င်းကို ဆွီဒင်သို့ လွှဲပြောင်းပေးခြင်းမပြုနိုင်ရန် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးမှာ ဝင်ရောက်ခိုလှုံခဲ့ပြီး ယခု ဖမ်းဆီးခံရချိန်အထိ ၇ နှစ်ကြာမြင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါ အမှုကိစ္စကို ပိတ်သိမ်းလိုက်ပေမဲ့ ၎င်းကို အမေရိကန်က တရားစွဲနိုင်မှုအပေါ် ဂျူလီယန်အက်ဆန်က စိုးရိမ်နေခဲ့ကြောင်း သိရပါတယ်။

 

(လန်ဒန်မှာ ဖမ်းဆီးခံရသည့် ဂျူလီယန်အက်ဆန်း) (Photo: Reuters)

Wikileaks ဝက်ဘ်ဆိုက်က အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်ဆက်သွယ်မှု အမြောက်အမြားကို ဖွင့်ချပေါက်ကြားစေခဲ့မှုကြောင့် အမေရိကန်အစိုးရက ဒေါသတကြီးဖြစ်နေခဲ့ပါတယ်။ ဂျူလီယန်အက်ဆန်း တည်ထောင်ထားတဲ့ Wikileaks ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ စတင်လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

(၂၀၁၇ ခုနှစ်က အီကွေဒေါသံရုံး ဝရန်တာနေရာကနေ မီဒီယာနဲ့တွေ့ဆုံခဲ့သည့် အက်ဆန်း) (Photo: Reuters)

ထပ်မံသိရှိရတဲ့ သတင်းအရ Wikileaks တည်ထောင်သူ ဂျူလီယန်အက်ဆန်းကို ၂၀၁၀ နှစ်အတွင်း အမေရိကန်ရဲ့ စစ်ဘက်နဲ့ သံတမန်ရေးဆိုင်ရာ စာရွက်စာတမ်း အမြောက်အမြား ပေါက်ကြားခဲ့မှုဖြင့် အမေရိကန်အစိုးရက တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ ယခု တရားစွဲဆိုမှုအရ ဂျူလီယန်အက်ဆန်းဟာ ငါးနှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က