ချဲလ်ဆီးကတော့ ဝင်ဘလေကို တစ်ရာသီအတွင်း ဒုတိယအကြိမ် ရောက်ရှိတာပါ။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ဝင်ဘလေကွင်းကို သွားရောက်ရတော့မယ့်အပေါ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိနေဖို့ တိုက်တွန်းလိုက်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နေပြီဖြစ်ပါတယ်။



တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးက လက်စတာကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဝင်ဘလေကွင်းမှာ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးတို့ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

မန်စီးတီးဟာ အက်ဖ်အေဖလားရဲ့ လက်ရှိချန်ပီယံအသင်းတစ်သင်းဖြစ်ပြီး ချဲလ်ဆီးအတွက်တော့ ခက်ခဲကြမ်းတမ်းတဲ့ ပွဲစဉ်တစ်ခုကို ရင်ဆိုင်ရမှာပါ။ ဒီလိုမျိုး သူ့အသင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အပေါ်မှာလည်း ပိုချက်တီနိုက အခုလိုမျိုးပဲ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုက “ကျွန်တော် အင်္ဂလန်ကို ရောက်လာတော့ ဆောက်သမ်တန်မှာ ‘ငါတို့ ဝင်ဘလေကွင်းကို သွားဖို့ လိုအပ်တယ်’ လို့ ပြောကြပါတယ်။ ပြီးတော့ စပါးကိုရောက်လာတော့လည်း ‘ငါတို့ ဝင်ဘလေကွင်းကို သွားရမယ်’ ဆိုပြီး ရှိပါတယ်။ အခု ခင်ဗျားတို့ပဲ ကြည့်လိုက်ပါတော့။ ကျွန်တော်တို့က (၉) လအတွင်း မတူညီတဲ့ ပြိုင်ပွဲနှစ်ခုနဲ့အတူ ဝင်ဘလေကွင်းကို ရောက်သွားပါပြီ”​

“ကျွန်တော်တို့ ဒီအတွက် ကျေနပ်ပျော်ရွှင်ရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ကာရာဘောင်ဖလား ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ လီဗာပူးကို ရှုံးနိမ့်ကာ ချန်ပီယံဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က