ကမ္ဘာပေါ်က PC ကွန်ပျူတာအားလုံးရဲ့ သုံးပုံတစ်ပုံကျော်မှာ အသုံးပြုနေတဲ့ Windows 7 အတွက် updates နဲ့ security patches ထုတ်ပေးမှုကို Microsoft ဟာ ရပ်တန့်တော့မှာပါ။
သက်တမ်း ၁၁ နှစ်ကြာပြီ ဖြစ်တဲ့ ဒီ Operating System ရပ်ဆိုင်းမှုဟာ သုံးစွဲသူသန်းရာပေါင်းများစွာအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ Windows 7 OS ကို PC ကွန်ပျူတာတွေရဲ့ သုံးပုံတစ်ပုံကျော်မှာ အသုံးပြုနေတာ ဖြစ်တယ်လို့ NetMarketShare က ဆိုပါတယ်။ Windows 7 သုံးသူတွေအနေနဲ့ ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် malware နဲ့ virus အန္တရာယ် ရှိနိုင်တယ်လို့ Microsoft က သတိပေးထားပါတယ်။
Photo: newsdio
Microsoft ရဲ့ ကြေညာချက် ထွက်လာပြီးနောက် ယူကေအာဏာပိုင်တွေဟာ Windows 7 သုံးသူတွေကို အင်တာနက်ဘဏ်စနစ်မသုံးဖို့ နဲ့ အီးမေလ်းမပို့ကြဖို့ သတိပေးခဲ့ပါတယ်။Windows 7 ဟာ လုံခြုံရေးယိုပေါက် ပြဿနာရှိထားတဲ့ OS ဗားရှင်းအဖြစ် မှတ်တမ်းရှိခဲ့ပါတယ်။ ၂၀၁၇ မေလမှာ ဖြစ်ခဲ့တဲ့ ယူကေအမျိုးသားကျန်းမာရေး ဝန်ဆောင်မှု NHS ကို တိုက်ခိုက်ခဲ့တဲ့ WannaCry ransomware တိုက်ခိုက်မှုမှာ ဟက်ကာတွေဟာ လုံခြုံရေးအားနည်းတဲ့ Windows 7 နဲ့ Microsoft ရဲ့ support ပေးမှု ရပ်ဆိုင်းထားတဲ့ Windows XP တို့ကနေ ထိုးဖောက်တိုက်ခိုက်ခဲ့တာပါ။
Microsoft ကုမ္ပဏီကတော့ Windows 7 သုံးစွဲသူတွေကို OS သစ်ဖြစ်တဲ့ Windows 10 ကို ၁၃၉ ဒေါ်လာပေးပြီး upgrade လုပ်ဖို့ ဒါမှမဟုတ် Windows 10 သုံးထားတဲ့ ထုတ်ကုန်သစ်ကို ဝယ်ဖို့ တိုက်တွန်းထားပါတယ်။ ကုမ္ပဏီဟာ Windows 10 ကို မိတ်ဆက်ခဲ့ချိန် လွန်ခဲ့တဲ့ ၄ နှစ်ကျော်က Windows 7 သုံးသူတွေကို Windows 10 အဖြစ် အခမဲ့ upgrade လုပ်ပေးခဲ့တာပါ။
Photo: independent
Windows 10 သစ် တင်မယ်ဆိုရင်တော့ PC ကွန်ပျူတာတွေဟာ 1GHz processor ၊ Hard drive space 16GB နဲ့ RAM 1GB ရှိထားဖို့ လိုပါတဘ်။ Windows 10 ကို ထုတ်ကုန်အဟောင်းတွေမှာ တင်နိုင်ပေမယ့် Microsoft ကတော့ recommend မပေးဘူးလို့ ဆိုပါတယ်။
တစ်ခြား OS makers တွေအတိုင်း Microsoft ဟာ outdate ဖြစ်သွားတဲ့ ဆော့ဖ်ဝဲလ်တွေကို ပံ့ပိုးမှု ရပ်ဆိုင်းလေ့ရှိပါတယ်။ ၂၀၁၄ ခုနှစ်က Windows XP နဲ့ ၂၀၁၆ ခုနှစ်က Windows 8 တို့ကို update ပေးမှု ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
PC Operating System တွေထဲမှာ Windows 10 ဟာ သုံးစွဲသူအများဆုံး ဖြစ်ပြီး ကမ္ဘာပေါ်က personal computers တွေရဲ့ ထက်ဝက်ခန့်က အသုံးပြုနေတာပါ။Microsoft ကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Windows 10 ကို ထုတ်ကုန်ပေါင်း သန်း ၉၀၀ မှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။