ယူနိုက်တက်ဂျာစီအသစ်မိတ်ဆက်တဲ့နေရာမှာ ရော်နယ်ဒိုရဲ့ပုံလည်း ပါဝင်လာခဲ့တာပါ။

ဒီကနေ့မှာ ယူနိုက်တက်က လာမယ့်ရာသီသစ်အတွက် အိမ်ကွင်းဂျာစီအသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အဖြူရောင်ကော်လံပါဝင်လာတဲ့ ဒီလိုမျိုး အိမ်ကွင်းဂျာစီအနီရောင်မိတ်ဆက်တဲ့နေရာမှာ ရော်နယ်ဒိုပုံကိုလည်း ယူနိုက်တက်က အသုံးပြုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားတဲ့ ကစားသမားပါ။



ဒါပေမယ့် အသင်းဘက်က သူ့ကို လက်လွှတ်၊ မလွှတ် မသေချာသေးဘဲ ရော်နယ်ဒိုကတော့ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေကို လွဲချော်နေဆဲဖြစ်ပါတယ်။ အခု ရာသီသစ်အတွက် အိမ်ကွင်းဂျာစီမိတ်ဆက်တဲ့နေရာမှာလည်း ရော်နယ်ဒိုရဲ့ဓာတ်ပုံက ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေး၊ ဖရက်ဒ်တို့နဲ့အတူ ပါဝင်လာခဲ့တာပါ။

ပရိသတ်တွေအနေနဲ့လည်း ဒီဂျာစီကို ပေါင် (၁၀၀) နဲ့ ယူနိုက်တက်ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် The Athletic ရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဂန္တဝင်ကျောနံပါတ် (၇) ပိုင်ရှင်တွေပဲဖြစ်တဲ့ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းတို့နဲ့အတူ အသင်းရဲ့ အထူးဗီဒီယိုဖိုင်တခုမှာလည်း ပါဝင်နေပါသေးတယ်။



အသင်းပရိသတ်အချို့ကတော့ ဒီအပေါ်မှာ အမြင်အမျိုးမျိုးရှိနေပြီး အချို့သော ယူနိုက်တက်ပရိသတ်တွေကတော့ ရော်နယ်ဒိုက အခုချိန်ထိ သူတို့အတွက် အထင်ကရပုဂ္ဂိုလ်တယောက်အဖြစ်ရှိနေဆဲလို့ သတ်မှတ်ထားပါတယ်။ အချို့ကတော့ ဒီအပေါ်မှာ သဘောမကျဘဲ အသင်းကထွက်တော့မယ့် ကစားသမားကို အိမ်ကွင်းဂျာစီအသစ်မိတ်ဆက်တဲ့နေရာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့အပေါ် ဝေဖန်နေကြပါတယ်။

ယူနိုက်တက်ဟာ လက်ရှိရာသီကြိုခြေစမ်းခရီးစဥ်အတွက် ပိုစတာထုတ်တဲ့နေရာမှာလည်း ရော်နယ်ဒို၊ ဆန်ချို၊ အီလန်ဂါတို့ပါဝင်တဲ့ပုံကို အဓိကဦးစားပေးအဖြစ် အသုံးပြုခဲ့ပါသေးတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရော်နယ်ဒိုက မိသားစုကိစ္စအကြောင်းပြပြီး ထိုင်းနဲ့သြစတြေးလျတို့ကို သွားရောက်မယ့် ယူနိုက်တက်ရဲ့ လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

Share

Loading Next Article...
က္က