အာဆင်နယ် ဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲကို ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်တို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ လီဗာပူးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အနေနဲ့ မာတီနယ်လီ၊ ဆာကာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒါဝင်နူးနက်ဇ်၊ ဖေမီနိုတို့ရဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၇၅) မိနစ်မှာတော့ အာဆင်နယ်တို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို ဆာကာက အမှားအယွင်းမရှိ ကန်သွင်းကာ အာဆင်နယ်တို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၉) ပွဲကစား၊ (၈) ပွဲနိုင်ထားကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားဆဲလည်းဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ ဘယ်နောက်ခံလူနေရာအတွက် တိုမီယာဆုက ပွဲထွက်ခဲ့ပြီး ဇင်ချန်ကိုကတော့ ပွဲကြည့်စင်မှာသာရှိနေခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုက မပျက်ကွက်ခဲ့ပါဘူး။
ဆာကာရဲ့ ပင်နယ်တီကန်ချက် ဂိုးဝင်သွားချိန်မှာ ဇင်ချန်ကိုက ပွဲကြည့်စင်ပေါ်မှာ အားပါးတရအောင်ပွဲခံနေခဲ့ပြီး ဒီမြင်ကွင်းကို အာဆင်နယ်ပရိသတ်တွေကလည်း ကျေနပ်သဘောကျနေကြပါတယ်။ ဇင်ချန်ကိုဟာ ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း ဒဏ်ရာကြောင့် ဝင်ကစားခွင့်မရခဲ့ပေမယ့် အသင်းရဲ့နောက်ကျအနိုင်ဂိုးအတွက် ကွင်းထဲအထိ ဝင်ရောက် အောင်ပွဲခံခဲ့ဖူးပါသေးတယ်။
အဲ့ဒီအချိန်တုန်းကလည်း အမ်းမရိတ်စ်ကွင်းဝန်ထမ်းတယောက်ဟာ ဇင်ချန်ကို,ကို ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်လို့ ထင်မှတ်ပြီး ဆွဲထုတ်ဖို့ ပြင်ဆင်ခဲ့ပါသေးတယ်။ ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။