ByteDance ပိုင် လူမှုကွန်ရက် app တစ်ခုဖြစ်တဲ့ TikTok ဟာ ၂၀၂၁ ပထမနှစ်ဝက်အတွက် ဂိမ်းမဟုတ်တဲ့ apps တွေထဲက ဒေါင်းလုပ်ဆွဲမှု အများဆုံးနဲ့ ဝင်ငွေအမြင့်ဆုံး App ဖြစ်ခဲ့ပါတယ်။
Sensor Tower အချက်အလက်တွေအရ ယခုနှစ် နှစ်ဝက်အတွင်းမှာ TikTok app ကို ပထမဆုံး install လုပ်သူ ၃၈၃ သန်း နီးပါး ရှိလာပြီး ဒီ app သုံးသူတွေရဲ့ ငွေသုံးစွဲမှုကလည်း ဒေါ်လာ ၉၁၉.၂ သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၁ မေအထိ Android ပေါ်မှာ လအလိုက် အမေရိကန်နဲ့ယူကေ Users တွေရဲ့ အချိန်ကုန်မှုမှာ TikTok ဟာ YouTube ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာအနှံ့က App Store နဲ့ Google Play တွေပေါ်မှာ TikTok ကို ဒေါင်းလုပ်ဆွဲသူ သန်း ၃၀၀၀ ကျော် ရှိလာပြီလို့ ဆိုပါတယ်။ ဒီစာရင်းမှာ TikTok ရဲ့ တရုတ်ဗားရှင်း Douyin လည်း ထည့်တွက်ထားပေမယ့် တခြား Third-Party အန်းဒရိုက် App Store တွေပေါ်က အချက်အလက်တွေ မပါဘူးလို့လည်း ဖော်ပြထားပါတယ်။TikTok ဟာ App Store နဲ့ Google Play Store တို့ပေါ်မှာ Install သွင်းသူ သန်း ၃၀၀၀ ကျော် ရှိလာတဲ့ ပဉ္စမမြောက် Non-Game app တစ်ခုလည်း ဖြစ်ပြီး သူ့ရှေ့မှာ Facebook ၊ WhatsApp ၊ Messenger နဲ့ Instagram တို့ ရှိနေပါတယ်။
အမေရိကန် App Store နဲ့ Google Play တို့ပေါ်ကနေ ဒီနေ့အထိ TikTok ကို ဒေါင်းလုပ်ဆွဲသူ ၂၅၃ သန်း ရှိပြီး ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Install သွင်းမှုရဲ့ ၈.၄% လည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ဝက်မှာတော့ ဒေါင်းလုပ်ဆွဲမှု ၆၁၉ သန်းခန့်ကနေ အိန္ဒိယမှာ ပိတ်ခံရမှုကြောင့် နှစ်အလိုက် ဒေါင်းလုပ်ဆွဲမှုနှုန်း ၃၈% အထိ ကျသွားခဲ့ပါတယ်။ app ထဲမှာ ငွေသုံးမှုကတော့ အဲ့ဒီအရင်နှစ် ကာလတူထက် ၇၃% တက်လာပြီး ဒေါ်လာ ၅၃၀.၂ သန်း အထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
Sensor Tower ရဲ့ အချက်အလက်အရဆိုရင် TikTok ဟာ စပြီး ဖြန့်ချိချိန် ၂၀၁၆ စက်တင်ဘာက စလို့ ကမ္ဘာအနှံ့က သုံးစွဲသူတွေဆီက ဒေါ်လာ ၂.၅ ဘီလျံကျော် ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ TikTok ဟာ Non-Game app တွေထဲမှာ ဒေါ်လာ ၂.၅ ဘီလျံကျော် ဝင်တဲ့ apps ငါးခုထဲက တစ်ခုဖြစ်ပြီး ကျန်တဲ့ apps လေးခုကတော့ Tinder ၊ Netflix ၊ YouTube နဲ့ Tencent Video တို့ ဖြစ်တယ်လို့လည်း Sensor Tower က ဆိုပါတယ်။
Game app အနေနဲ့ ဝင်ငွေအကောင်းဆုံး ထိပ်တန်းဂိမ်းဟာ Tencent ရဲ့ PUBG Mobile ဖြစ်ပြီး အခုချိန်အထိ ဒေါ်လာ ၅ ဘီလျံကျော် ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ်လာ ၅ ဘီလျံ ဝင်ငွေဟာ PUBG Mobile ဂိမ်းသက်တမ်းဝင်ငွေ ဖြစ်ပြီး ဒီဂိမ်းရဲ့ တရုတ်ဗားရှင်းတစ်ခု ဖြစ်တဲ့ Game For Peace ရဲ့ ဝင်ငွေပါ ထည့်တွက်ထားတာပါ။ Tencent ပိုင် Honor of Kings ကလည်း နံပါတ်နှစ် ဝင်ငွေအကောင်းဆုံးဂိမ်းအဖြစ် ရပ်တည်နေပြီး သူ့နောက်မှာ Genshin Impact ၊ Pokemon Go နဲ့ Roblox တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။
မိုဘိုင်း Apps နဲ့ Games တွေအတွက် တတိယသုံးလပတ် (ဇူလိုင်-ဩဂုတ်-စက်တင်ဘာ) ငွေကြေးသုံးစွဲမှုဟာ Google Play Store နဲ့ Apple App Store တို့ပေါ်မှာ စုစုပေါင်း ဒေါ်လာ ၃၃.၆ ဘီလျံအထိ ရှိခဲ့ပါတယ်။ App Store ကနေ ငွေသုံးအများဆုံး ပလက်ဖောင်းဖြစ်ပြီး 2021 Q3 မှာ ဒေါ်လာ ၂၁.၅ ဘီလျံ (အရင်နှစ်ကထက် ၁၃.၂% ပိုမြင့်) နဲ့ Google Play Store က ၁၂.၁ ဘီလျံ (အရင်နှစ်ကထက် ၁၈.၆% ) ပိုပြီး ငွေသုံးလာကြတာပါ။