အရေးအကြီးဆုံးက အိမ်ရဲ့ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါပဲ။

အစစအရာရာ ဈေးနှုန်းတွေမြင့်တက်နေတဲ့အချိန်၊ အရာရာကြပ်တည်းပြီး ဝင်ငွေနဲ့ထွက်ငွေမမျှတဖြစ်နေတဲ့ ဒီလိုကာလမျိုးမှာ ဝင်ငွေနဲ့ထွက်ငွေမျှတအောင် ဘယ်လိုသုံးစွဲမလဲဆိုတဲ့မေးခွန်းက လူတိုင်းသိချင်နေတဲ့မေးခွန်းဖြစ်နေမှာပါ။ ဒီကာလမှာ ဝင်ငွေနဲ့ထွက်ငွေ မျှတအောင်သုံးစွဲနိုင်ဖို့က မိသားစုတိုင်းအတွက် အရေးကြီးတဲ့လိုအပ်ချက်ဖြစ်နေပါတယ်။ ဒီတော့ ဝင်ငွေ/ ထွက်ငွေမျှတအောင်ဘယ်လိုသုံးစွဲမလဲဆိုတဲ့လျှို့ဝှက်ချက်ကို မျှဝေပေးလိုက်ပါတယ်။

လစာထုတ်တိုင်း Night Out ထွက်နေသလား၊ Shopping ထွက်နေသလား

Photo: iStock

လစာထုတ်ရက်လေးပဲကွာ၊ စားချင်တာလေးစားရအောင်၊ လိုချင်တာလေးတွေဝယ်ရအောင်။ လခစားဝန်ထမ်းအများစုမှာ ဒီလိုအခြေအနေက ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ လကုန်ပြီးတစ်ပတ်အတွင်းမှာ လိုချင်တာဝယ်မယ်၊ စားချင်တာစားမယ်ဆိုတာက သာမန်အခြေအနေဖြစ်နေပေမယ့် ဒီကုန်ကျစရိတ်က ကိုယ့်လစာတစ်လစာရဲ့ ငါးပုံတစ်ပုံလောက်ရှိနေတတ်ပါတယ်။

ဒီကုန်ကျစရိတ်တွေကို လျှော့ချဖို့လိုပါတယ်။ ဒီတော့

  • အိမ်မှာစားပါ
  • ကိုယ့်အတွက် အလိုအပ်ဆုံးကဘာလဲဆိုတာကို သိအောင်ကြိုးစားပါ
  • အသက်ရှင်ရပ်တည်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အရာမျိုးမဟုတ်ဘူးဆိုရင် လျှော့ချနိုင်ဖို့ကြိုးစားပါ
  • အစားထိုးစရာရှာပါ (ကိုယ်သုံးနေကျပစ္စည်းနဲ့ အရည်အသွေးတူ၊ ဈေးနှုန်းသက်သာတာမျိုးကို ဆိုလိုပါတယ်)

အိမ်ရဲ့ဝင်ငွေကို ဘယ်လိုစီမံမလဲ

Photo: India Times

ဝင်ငွေ/ထွက်ငွေမျှတအောင်စီမံတဲ့နေရာမှာ အရေးအကြီးဆုံးက အိမ်ရဲ့ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါပဲ။ မိသားစုဝင်ငွေကို ဘယ်လိုစီမံမလဲဆိုတာကို Lady Grace Diamond Land ရဲ့ တည်ထောင်သူ မနန်းတင်မိုးသူက ဝေမျှပေးထားပါတယ်။

  • အိမ်မှာရှိတဲ့ အလုပ်လုပ်သူတိုင်းရဲ့ဝင်ငွေကို အပုံလေးတွေပုံပါ
  • ဆန်အတွက် တစ်ပုံဖယ်ပါ
  • ဆီ၊ဆား၊ငရုတ်၊ကြက်သွန်အတွက် တစ်ပုံဖယ်ပါ
  • ဟင်းစားအတွက် တစ်လစာတွက်ချက်ပြီး တစ်ပုံဖယ်ပါ
  • မိသားစုမှာကျောင်းသားရှိမယ်ဆိုရင် ကျောင်းစရိတ်တစ်ပုံဖယ်ပါ
  • အလုပ်သွားဖို့အတွက်(သို့) အလုပ်အတွက် ပြန်လည်ရင်းနှီးဖို့ တစ်ပုံဖယ်ပါ
  • မီတာခ/ရေဖိုး/အိမ်ငှားခအတွက်တစ်ပုံဖယ်ပါ
  • ဒီလိုဖယ်ပြီးတဲ့အချိန်မှာ ပိုလာတဲ့အထဲကမှ ၃၀ရာခိုင်နှုန်းလောက်ကို ပြန်စုတတ်အောင်လေ့ကျင့်ပါ

ဒီလိုဖယ်ပြီးတော့မှာ မလောက်ငှသေးဘူးဆိုရင်တော့ အစားထိုးသုံးစွဲဖို့အတွက်ကို စဉ်းစားရပါမယ်။ ဥပမာ- ပေါ်ဆန်းမွှေးဆန်ဝယ်စားဖို့ မတတ်နိုင်ဘူးဆိုရင် တခြားအမျိုးအစားတူပြီး ဈေးသက်သာတဲ့ ဆန်အမျိုးအစားမျိုးကို ပြောင်းလဲရွေးချယ်နိုင်ဖို့လိုတယ်လို့ မနန်းတင်မိုးသူက အကြံပြုပါတယ်။

တခြားအိမ်တွင်းအသုံးစရိတ်တွေထဲမှာ လျှော့ချနိုင်တာကတော့ မီတာခပါ။ မလိုတဲ့ လျှပ်စစ်မီးတွေကို မသုံးစွဲဘဲနေခြင်းကလည်း အိမ်ရဲ့အသုံးစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။

ဝင်ငွေနည်းရင် အသုံးစရိတ်မျှအောင် မလုပ်နိုင်ဘူးလား

အသုံးစရိတ်မျှတအောင် သုံးစွဲတဲ့အခါ ဝင်ငွေနည်းပါးမှုက အဓိကမကျပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဝင်ငွေရတဲ့ အလုပ်မျိုးကို လုံးဝမလုပ်ဘဲနဲ့တော့ အသုံးစရိတ်မျှအောင်ဆောင်ရွက်လို့မရနိုင်ပါဘူး။ အလုပ်တစ်ခုကို ရွေးချယ်တဲ့အခါ ဒီအလုပ်က ငါနဲ့မတန်ဘူး၊ ငါက ဘယ်လောက်ရမှလုပ်နိုင်မယ်ဆိုတာမျိုးကို မတွေးဘဲ လစဉ်ပုံမှန်ဝင်ငွေရတဲ့ အလုပ်မျိုးလုပ်ခွင့်ကြုံလာရင် မာနတွေကို ခဝါချပြီးလုပ်သင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဝင်ငွေပုံမှန်ရှိပြီး ထွက်ငွေနဲ့မျှတအောင်သုံးစွဲနိုင်မှသာ ဘဝမှာကိုယ်လုပ်ချင်တဲ့အလုပ်မျိုးကို လုပ်ကိုင်ဖို့အတွက် ရည်မှန်းချက်ပြည့်မီအောင်ကြိုးစားနိုင်မှာပါ။ ဝင်ငွေမျှထွက်ငွေမျှတအောင်သုံးစွဲနိုင်ဖို့အတွက်က ဝင်ငွေအနည်းအများအပေါ်မှာ မမူတည်ပါဘူး။

ဝင်ငွေ၊ထွက်ငွေမျှအောင် ဘယ်လိုနေထိုင်မလဲ

အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ ဝင်ငွေ/ထွက်ငွေမျှတအောင် ပထမဆုံးအချက်က လစဉ်ပုံမှန်ဝင်ငွေရတဲ့အလုပ်မျိုးရှိနေဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားပါ။ မလိုတဲ့အစားအသောက်၊ အသုံးအဆောင်တွေကို လျှော့ချပါ။ အိမ်ရဲ့ဝင်ငွေကို စနစ်တကျ စီမံပါ။

ဒီအချက်တွေကို တိတိကျကျလိုက်နာနိုင်အောင်ကြိုးစားမယ်ဆိုရင်တော့ ကြပ်တည်းနေတဲ့ကာလအတွင်းမှာ ကိုယ့်မိသားစုရဲ့ရပ်တည်မှုကို အခြေခိုင်အောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။


ယခုဆောင်းပါးကို Duwun Community Voice အစီအစဥ်မှာ မတင်မိုးသူ (Lady Grace Diamond Land ရဲ့ တည်ထောင်သူ) ရဲ့ အကြံပြုချက်မှ ကောက်နုတ်ဖော််ပြပါသည်။

Share

Loading Next Article...
က္က