တစ်နေ့ကို YBS စီးနင်းသူ (၄)သိန်းကျော်ရှိပါတယ်။

စက်သုံးဆီ စျေးနှုန်းမြင့်တက်လာမှုကြောင့် တက္ကစီယာဉ်စီးခတွေ မြင့်တက်လာမှုနဲ့အတူ ငွေကြေးကျပ်တည်းမှု ပိုမိုများပြားလာတဲ့အတွက် ယခုနောက်ပိုင်းမှာ လိုင်းကားစီးသူ များပြားလာတယ်လို့ သိရပါတယ်။

ဆီစျေးတက်တဲ့အတွက် တက္ကစီယာဉ်စီးခကို ပုံမှန်ထက် အနည်းငယ်ပိုတောင်းလာကြတဲ့အခါ အများစုကတော့ Taxi ငှါးရမ်းမစီးကြတော့ဘူးလို့ တက္ကစီယာဥ်မောင်းများက ဆိုပါတယ်။

“ ဆီစျေးတွေကလည်းတက်တယ်လေ အခုဆို (၁၄၀၀)ကျော်တယ် ။ ဆီးစျေးတက်တော့ ယာဉ်စီးခကိုတိုးတောင်းတာပေါ့ (၅၀၀) (၁၀၀၀)လောက်။ အရင်လှည်းတန်း တစ်ကြောင်း (၂၅၀၀) ဆို ခု (၃၀၀၀)တောင်းတယ်။ ပိုက်ဆံတိုးတောင်းတော့ ငှါးစီးတဲ့သူက နည်းလာတယ်။ ကားဌားကတည်းက စျေးအရင်ညှိ အရင်စျေးမဟုတ်တော့ ငှါးတဲ့သူက စကားနည်းနည်းတော့ပြောရတာပေါ့။ တက္ကစီထက်ပဲ မနက်ပိုင်းရုံးတက်ချိန်တွေဆို YBS ကားတွေပေါ်မှာတော့ ခရီးသည်တွေပိုစီးလာတာတွေ့ရတယ်”လို့ တက္ကစီယာဉ်မောင်းတစ်ဦးက Duwun ကို ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ကလည်း နိုင်ငံရေး ပဋိပက္ခအတွင်း လူမှုစီးပွါးကြပ်တည်းနေတဲ့အချိန် အစစအရာရာစျေးတက်လာတဲ့အခါမျိုးမှာ နေ့စဉ်ပုံမှန်အသုံးစရိတ်ကို လျှော့ချကာ စီစစ်သုံးစွဲလာကြပါတယ်။ 

“ အရင်ကတော့ အလုပ်သွားတဲ့အချိန်တွေဆို အချိန်မီရောက်ဖို့ တက္ကစီနဲ့သွားတယ်။ တစ်ခါတစ်လေ အပြင်သွားရင်တောင် အမြန်ရောက်ချင်စောနဲ့ တက္ကစီနဲ့သွားတာများတယ်။ ခုတော့ အလုပ်ကလည်း နားထားရတယ်။ ပုံမှန်ဝန်ထမ်းလစာမရှိတော့ဘူး။ အပြင်ဝင်ငွေရအောင်ပဲရှာနေရတဲ့အချိန်ဆိုတော့ ပုံမှန်ဝင်ငွေမရှိတော့ဘူးပေါ့ဗျာ။ ဝင်ငွေရှားပါးလာတဲ့အခါ ချွေတာရတဲ့အချိန်ရောက်လာတော့ ပိုက်ဆံကို အပိုမကုန်သင့်တဲ့နေရာတွေလျော့တယ်။ ခု taxi ခအစား YBS နဲ့ သွားလို့အဆင်ပြေတဲ့နေရာတွေဆို လိုင်းကားပဲစီးသွားတော့တယ်။ ထောင်ဂဏန်းကုန်မယ့်နေရာ ရာဂဏန်းပဲကုန်တော့တာပေါ့”လို့ လှိုင်မြို့နယ်ပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ YBS စီးနင်းသူက ကိုဗစ်ကာလကထက် များလာတာကြောင့် ယာဉ်အစီးရေတွေကို တိုးပြီးပြေးဆွဲပေးလျှက်ရှိသလို ခရီးသည်လိုအပ်ချက်အရ ထပ်မံတိုးချဲ့ပြေးဆွဲပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

“ အခုက ယာဉ်လိုင်းပေါင်း (၉၆)လိုင်းက ယာဉ်အစီးရေ (၂၅၀၀)လောက်နေ့စဉ်ပြေးဆွဲပေးနေတယ်။ တစ်နေ့ကို စီးတဲ့သူဦးရေက (၄)သိန်းကျော် စီးနင်းတယ်။ ကိုဗစ်တတိယလှိုင်းအထိ ရုံးတွေပိတ်ထားတဲ့အချိန်တုန်းကဆို ယာဉ်လိုင်း (၅၀)က ယာဉ်အစီးရေ (၁၀၀၀)လောက်တာပြေးဆွဲခဲ့ရတာ။ စီးတဲ့သူကလည်း တစ်သိန်းလောက်ပဲရှိတာ။ အခုကတော့ (၄)ဆလောက်တက်လာတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC ) တွဲဖက်အတွင်းရေးမှူးက Duwun ကိုပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဓိကသယ်ယူပို့ဆောင်ရေးဖြစ်တဲ့ YBS ယာဉ်လိုင်းတွေကို စီးနင်းတဲ့သူတွေဟာ နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု မစတင်ခင်ပုံမှန်အခြေအနေမျိုးမှာဆိုရင် တစ်နေ့ကို ယာဉ်လိုင်းပေါင်း (၁၀၂)လိုင်း၊ ယာဉ်အစီးရေ (၄၀၀၀)ကျော်ပြေးဆွဲခဲ့ရမှာ စီးနင်းသူက တစ်နေ့ကို နှစ်သန်းနီးပါးလောက် အသုံးပြုစီးနင်းခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ပုံမှန်အနေအထားတိုင်းပြန်လည်မရောက်ရှိသေးပေမယ့် တစ်နေ့ထက်တစ်နေ့ စီးနင်းသူများလာရင်တော့ ယာဉ်အစီးရေတွေကို ထပ််မံတိုးချဲ့ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ 

ပုံမှန်အားဖြင့် စက်သုံးဆီစျေးဟာ အမျိုးအစားအလိုက် 1 လီတာကို (၇၀၀) (၈၀၀)ကျပ်ဝန်းကျင်သာရှိခဲ့ပြီး နိုင်ငံရေး ပဠိပက္ခ ကာလအတွင်းမှာတော့ ရွှေစျေး ၊ ဒေါ်လာစျေးတို့နဲ့ အတူ စက်သုံးဆီစျေးနှုန်းတွေပါ မြှင့်တက်ခဲ့တာပါ။ 

လက်ရှိမှာ နိုင်ငံတွင်းဒေါ်လာစျေး ၊ ရွှေစျေးတွေ ပြန်လည်ကျဆင်းလာပေမယ့် စက်သုံးဆီစျေးနှုန်းကတော့ ယနေ့ထိ  ၁လီတာကို အမျိုးအစားအလိုက် (၁၄၀၀)ကျော် (၁၅၀၀)ဝန်းကျင်ပေါက်စျေးရှိနေပါတယ်။



Share

Loading Next Article...
က္က