မေလလယ်က ဝန်ထမ်း ၁၅၀ အလုပ်ထုတ်ခဲ့တဲ့ Netflix ကုမ္ပဏီဟာ နောက်ထပ် ဝန်ထမ်း ၃၀၀ ကို အလုပ်ထပ်ဖြုတ်လိုက်ပါတယ်။
အချိန်ပြည့်ဝန်ထမ်း ၁၁၀၀၀ ခန့် ရှိတဲ့ Netflix ဟာ ဝန်ထမ်းအင်အားရဲ့ ၃% ဝန်းကျင်ကို လျှော့ချခဲ့တာ ဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းအများစုက အမေရိကန်ပြည်ထောင်စုက ဖြစ်ပြီး အာရှပစိဖိတ် ၊ လက်တင်အမေရိက ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေက ဝန်ထမ်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ စီးပွားရေးကျဆင်းလာခြင်းနဲ့ ဝင်ငွေဖွံ့ဖြိုးမှုနှေးကွေးလာခြင်းကြောင့် ရုပ်ရှင် Streaming ကုမ္ပဏီ Netflix ဟာ နှစ်လအတွင်း ဒုတိယအကြိမ် လူလျှော့မှု လုပ်ဆောင်ခဲ့တာပါ။
"ဒီကနေ့ ဝန်ထမ်း ၃၀၀ ဝန်းကျင်ကို စိတ်မကောင်းစွာနဲ့ပဲ ထွက်ခွင့်ပြုလိုက်ပါတယ်။ စီးပွားရေးမှာ ဆက်ပြီး သိသိသာသာ ရင်းနှီးမြှပ်နှံမှု လုပ်သွားမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ပိုမို နှေးကွေးလာနေတဲ့ ဝင်ငွေဖွံ့ဖြိုးမှုနဲ့အညီ စရိတ်ကာမိဖို့ အခုလိုမျိုး ဝန်ထမ်းအင်အားချိန်ညှိမှုတွေ လုပ်ခဲ့ကြတာပါ။" လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Netflix ဟာ ပြီးခဲ့တဲ့ ပထမသုံးလပတ်အတွင်း အခပေးဝန်ဆောင်မှုသုံးသူ Subscribers ပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပထမသုံးလပတ် ငွေကြေးရလဒ် ရှင်းတမ်းမှာပဲ ဒုတိယသုံးလပတ်အတွင်း ကမ္ဘာအဝှမ်း အခပေးသုံးစွဲသူ ၂ သန်း ဆုံးရှုံးဖို့ မျှော်လင့်ရကြောင်း ပြောခဲ့ပါတယ်။ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်မှု ၊ COVID-19 ကပ်ရောဂါ နဲ့ Subscribe လုပ်ထားသူတွေရဲ့ စကားဝှက်မျှဝေသုံးစွဲမှုတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု နှေးလာတာလို့ ဆိုပါတယ်။
စီးပွားရေးကျဆင်းလာတဲ့ Netflix ဟာ ပြီးခဲ့တဲ့ မေလထဲမှာ ဝန်ထမ်း ၁၅၀ အလုပ်ထုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ Netflix ဟာ စီးပွားရေး ပြန်ဦးမော့လာဖို့ ကြော်ငြာပါပြီး ဈေးချိုတဲ့ Plan တွေ နဲ့ ပိုက်ဆံကောက်ပြီး Password Sharing ဖွင့်မယ့် Extra Member နဲ့ Profile Transfer Features နှစ်မျိုး မိတ်ဆက်ဖို့လည်း ပြင်နေပါတယ်။