ဒီကာလမှာ ကပ်ရောဂါရော၊ နိုင်ငံရေးပြဿနာတွေရောကြောင့် လူအများစုမှာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အလုပ်အကိုင်အသစ်ရှာဖွေဖို့ရာလည်းအခက်တွေ့နေသူတွေ၊ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်ရှာဖွေရတာခက်နေသူတွေအတွက် Online ကနေ ပြည်ပနိုင်ငံတွေကခေါ်ယူတဲ့ Freelance အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်လိုရှာဖွေမလဲ၊ ဘယ်လိုဝင်ရောက်လုပ်ကိုင်မလဲ၊ ဝင်ငွေရအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။
Freelance Job တွေကို ဘယ်ကရှာကြမလဲ?
Photo: TechRepublic
Freelance Job အတွက်ရှာဖွေနိုင်တဲ့ အကောင်းဆုံးဝက်ဘ်ဆိုက် (၂) ခု Upwork နဲ့ Fiverr ဖြစ်တယ်လို့ Cloud Solution Architect တစ်ဦးဖြစ်တဲ့ ကိုကောင်းသန့်လွင် က လမ်းညွှန်ပေးထားပါတယ်။
"Google မှာ Upwork လို့ရိုက်ပြီး အလွယ်တကူရှာဖို့ရပါတယ်။ နည်းပညာသမားတွေအတွက် ရွေးချယ်စရာအလုပ်တွေအများကြီးရှိသလို တခြား Translator လို အလုပ်မျိုးတွေလည်းရှိပါတယ်။ ကိုယ် ကျွမ်းကျင်တဲ့အပေါ်မူတည်ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်မျိုးကို ရှာဖွေနိုင်ပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့အရာကိုတော့ ဖော်ပြဖို့လိုပါတယ်။ ဒါမှလည်း ရွေးချယ်ရတဲ့အခါလွယ်ကူမှာပါ။" လို့ ကိုကောင်းသန့်လွင်က အကြံပြုပါတယ်။
Freelance Job ဘယ်နှစ်မျိုးရှိသလဲ
အကြမ်းဖျဉ်းအားဖြင့် Freelance Job ရှာဖွေနိုင်တဲ့ Platform တွေမှာ အလုပ်ပုံစံ(၂)မျိုးရှိပါတယ်။ Project အလိုက် အပြတ်လုပ်ရပြီး အခကြေးငွေပေးတာမျိုးရှိပါတယ်။ သူတို့ဘက်က ကိုယ်လုပ်ဖို့အတွက် Project ချပေးမယ်၊ အဲ့ဒါကို ပြီးအောင်လုပ်ပြီးရင် ကိုယ့်ကို လုပ်အားခပေးမယ် ဒီသဘောမျိုးပါ။
နောက်တစ်ခုကတော့ Ongoing ပါ။ နာရီအလိုက်ငွေပေးချေတာမျိုးပါ။ တစ်နာရီကို ဒေါ်လာ နှစ်ဆယ်၊ သုံးဆယ်၊ စသဖြင့် သတ်မှတ်ပေးတာမျိုးပါ။ ဒီအလုပ်ပုံစံနှစ်မျိုးကတော့ Freelance Job ရှာလို့ရတဲ့ Platform အတော်များများမှာရှိပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ်ဘာတွေလုပ်နိုင်သလဲ၊ ကိုယ်ဘာတွေလုပ်ခဲ့သလဲ၊ ကိုယ်ဘာတွေလုပ်တတ်သလဲဆိုတဲ့ အကြောင်း Portfolio ကောင်းကောင်းရေးနိုင်ဖို့တော့လိုပါတယ်။
Client ရေရှည်မြဲအောင်ဘယ်လိုလုပ်ရမလဲ
ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကို Client အနေနဲ့ သေသေချာချာနားလည်အောင် Proposal ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်တော့ ကိုယ်နဲ့ပြိုင်ဘက်တွေကို ကျော်ဖြတ်သွားနိုင်မှာပါ။ ပြီးတော့ အလုပ်ရတဲ့အခါမှာလည်း ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေချောမွေ့အောင်လုပ်ပေးပါ။ Client နဲ့ဆက်ဆံတဲ့အခါမှာ စကားပြောကို ထိန်းထိန်းသိမ်းသိမ်းပြောနိုင်မယ်ဆိုရင်တော့ Client နဲ့ ရေရှည်မြဲအောင်ဆက်ဆံနိုင်မှာပါ။
Freelance Platform က ရတဲ့ ပိုက်ဆံတွေကို ဘယ်လိုထုတ်မလဲ
Photo: Matics Times
Freelance Platform ကရတဲ့ ပိုက်ဆံတွေကို ပြန်ထုတ်ဖို့အတွက် အကောင်းဆုံးလမ်းညွှန်ပေးနိုင်တာကတော့ payoneer platform ပါ။ မြန်မာနိုင်ငံအတွက်တော့ payoneer platform ကတော့ အသင့်လျော်ဆုံးပါ။ payoneer platform ကနေ local bank တွေကို ပိုက်ဆံလွှဲလို့ရတာမျိုးတွေရှိတယ်၊ မြန်မာနိုင်ငံအနေနဲ့လည်း Register လုပ်လို့ရတယ်။
တကယ်လို့များ ကိုယ့်မှ ာသုံးစရာအကောင့်မရှိဘူးဆိုရင်တော့ ပြည်ပနိုင်ငံတွေက ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေကို အကူအညီတောင်းလို့ရပါတယ်။ payoneer platform ကနေတဆင့် Local bank တွေကို ငွေလွှဲပြီးထုတ်နိုင်သလို အကောင့်အချင်းချင်းလည်း ငွေလွှဲပြီး ထုတ်နိုင်ပါတယ်။
Share