ဂန်ဒိုဂန်ရဲ့ ပထမပိုင်းအစ၊ ဒုတိယပိုင်းအစ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာပါ။

မန်ချက်စတာဒါဘီ၊ အက်ဖ်အေဖလားဗိုလ်လုပွဲကတော့ ထင်မှတ်သလောက် အကြိတ်အနယ်မရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုလည်း စပေးဘောပေးပြီး ၁ မိနစ်တောင် မပြည့်ခင်မှာပဲ ဂန်ဒိုဂန်က သွင်းပေးခဲ့လို့ ပွဲက မထင်မှတ်ထားဘဲ အပြောင်းအလဲတွေ ဖြစ်သွားခဲ့တာပါ။ လင်ဒီလော့ဖ်ရဲ့ ခေါင်းတိုက်ချက်က ဂန်ဒိုဂန်ဆီ ရောက်သွားခဲ့ရာမှာ သူက အဝေးကန်ချက်နဲ့ သွင်းယူခဲ့ပြီး ဒီဂီယာတယောက် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ 



မထင်မှတ်ဘဲ ဂိုးပေးလိုက်ရလို့ ယူနိုက်တက်တို့ အားထည့်လာခဲ့ပေမယ့် ကစားကွက်ပိုင်းမှာ မန်စီးတီးကို မယှဉ်နိုင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းက မယ်မယ်ရရလည်းမလုပ်ပြနိုင်ခဲ့ဘဲ ဂိုးကန်သွင်းခွင့်ရဖို့တောင်မှ တော်တော်လေးကြိုးစားခဲ့ရတာပါ။ ကံကောင်းတာကတော့ ဘစ်စ်ကာရဲ့ ခေါင်းတိုက်ချက်က ဂရီလစ်ရှ်လက်နဲ့ထိခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဘရူနိုက အပိုင်ကန်သွင်းလို့ ချေပဂိုးရသွားခဲ့တာပါ။ ဂိုးပေးလိုက်ရပေမယ့် မန်စီးတီးကပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းပြန်စပြီး ၆ မိနစ်မှာတော့ ဂန်ဒိုဂန်ကပဲ ဧရိယာစည်းထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းရာမှာ ဒီဂီယာ ဒီတကြိမ်လည်း အငိုက်မိခဲ့ပြီး လိုက်ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးပေးလိုက်ရပါတယ်။ မန်စီးတီးက တချိန်လုံး ဘောလုံးကိုင်ကစားနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ ကစားကွက်တောင် တည်မရခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ် ကန်သွင်းချက်တကြိမ် ရှားရှားပါးပါးရပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။ 



ဂွာဒီယိုလာကို တန်ဟက်ဂျ်က နည်းစနစ်ပိုင်းအရရော၊ လူစာရင်းပိုင်းအရပါ မယှဉ်နိုင်ခဲ့တာပါ။ ယူနိုက်တက်ကစားသမားတွေက တဦးချင်းခြေစွမ်းအရပါ မန်စီးတီးကစားသမားတွေထက် နိမ့်ကျနေခဲ့ပြီး သူတို့ ကစားခဲ့ပုံက တော်တော်ဆိုးဆိုးဝါးဝါးပါပဲ။ မန်စီးတီးသာ ဒီထက်နည်းနည်းပိုကောင်းခဲ့ရင် ဂိုးတောင်ပြတ်နိုင်မယ့် အခြေအနေမျိုးပါပဲ။ အခုတော့ ၂-၁ နဲ့သာ ပွဲပြီးဆုံးခဲ့ပြီး အက်ဖ်အေဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ 

မန်စီးတီးကတော့ ဖလားသုံးလုံးအတွက် နောက်ဆုံးခြေလှမ်းပဲ ကျန်ပါတော့တယ်။ အမှတ်ပေးဖလားနဲ့ အက်ဖ်အေဖလားကို ရယူထားပြီးဖြစ်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ အင်တာမီလန်ကို နိုင်ခဲ့ရင် တရာသီအတွင်း ဖလားသုံးလုံးရတဲ့ စံချိန်ကိုပါ တင်နိုင်တော့မှာပါ။ ဒီအတွက်လည်း လက်တကမ်းအလိုမှာပဲ ရှိပါတော့တယ်။ 

Share

Loading Next Article...
က္က