ဘာဝိန်းရဲ့ သွင်းဂိုးအတွက် ဒီဂီယာနဲ့ မက်ဂွိုင်းယားမှာ တာဝန်ရှိတယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသင်းဂိုးသမားဒီဂီယာနဲ့ နောက်ခံလူမက်ဂွိုင်းယားတို့ကို ဝေဖန်ခဲ့တဲ့ အသင်းဖော်ဟောင်းရွိုင်ကိန်းရဲ့ ပြောဆိုမှုတွေကို ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြန်လည်တုံ့ပြန်သွားခဲ့ပြီးတော့ သူ့ရဲ့အသင်းသားတွေ်ဘက်က ကာကွယ်ပေးခဲ့ပါတယ်။ ဘာဝိန်းရဲ့ သွင်းဂိုးအတွက် ဒီဂီယာနဲ့ မက်ဂွိုင်းယားမှာ တာဝန်ရှိတယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွိုင်ကိန်းက ဒီဂီယာကို ပုံမှန်ထက်ချီးမွမ်းခံနေရတဲ့ ဂိုးသမားလို့လည်း သုံးနှုန်းပြောဆိုခဲ့ပြီး မက်ဂွိုင်းယားကိုလည်း ရှက်ရွံ့စရာသွင်းဂိုးမျိုးကို ခွင့်ပြုခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူသာရှိနေခဲ့မယ်ဆိုရင် အသင်းဘတ်စ်ကားနဲ့တောင် လိုက်ပါခွင့်ပေးမှာမဟုတ်ဘဲ မန်ချက်စတာကို တက္ကစီနဲ့သာ ပြန်ခိုင်းမယ်လို့လည်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။
ဒီအပေါ်မှာ ဆိုးလ်ရှားက "ရွိုင်ကိန်းက အရမ်းကောင်းတဲ့ ကွင်းလယ်ကစားသမားပါ၊ ကျွန်တော်နဲ့လည်း သူငယ်ချင်းကောင်းဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူကိုယ်တိုင်လည်း ဒီလိုကန်ချက်မျိုးကို ဖမ်းနိုင်မယ်လို့ ကျွန်တော်မထင်ဘူး၊ ဒီသွင်းဂိုးအတွက် ဒေးဗစ်လည်း တော်တော်လေးစိတ်ပျက်နေပါတယ်၊ ဒါက သိသာပါတယ်၊ ဘောလုံးက လေထဲကနေ ပြင်းထန်တဲ့အရှိန်နဲ့ လာခဲ့တာပါ" လို့ ပြောဆိုပြီး ကာကွယ်ပေးခဲ့တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။
ရွိုင်ကိန်းရဲ့ ဝေဖန်ပြောဆိုမှုတွေကို ယူနိုက်တက်အသင်းကစားသမားဟောင်း အီဗရာကလည်း တုံ့ပြန်ခဲ့ပါသေးတယ်။ Sky Sports ကတဆင့် ပွဲကိုအတူတကွ တင်ဆက်နေခဲ့ကြတာဖြစ်ပြီးတော့ အီဗရာက "ကစားသမားတစ်ဦးဦးကို ကားမောင်းပို့ပေးမယ့်သူ မရှိရင် ကျွန်တော် ဒရိုင်ဘာလုပ်ပေးမယ်" လို့ ဆိုခဲ့ပြီးတော့ ရွိုင်ကိန်းကိုလည်း "သူတို့ကို အသင်းဘတ်စ်ကားပေါ်တင်လာမှာလား၊ ဒါမှမဟုတ် တက္ကစီစီးခိုင်းမှာလား" လို့ နောက်ပြောင်ခဲ့ပါတယ်။
ရွိုင်ကိန်းက "သူတို့ကို ဘတ်စ်ကားပေါ်တင်မယ်ဆိုရင်လည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူတို့ နောက်ဆုံးခုံမှာ ထိုင်ရလိမ့်မယ်" လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။