ရှက်ဖီးနဲ့ပွဲစဉ်ကို လာမယ့် တနင်္လာနေ့ည မြန်မာစံတော်ချိန် အင်္ဂါနေ့ နံက် ၁ နာရီခွဲမှာ ရှက်ဖီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။
နွေရာသီဈေးကွက်တုန်းကအသစ်ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ တီယာနေးအနေနဲ့ လာမယ့် ရှက်ဖီးနဲ့ပွဲမှာ သူ့ရဲ့ ကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို ပါဝင်ကစားမယ်လို့ နည်းပြ အမ်မရီက ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုပြောခဲ့တဲ့အကြောင်း Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။
အူကျွံဝေဒနာပါလာတဲ့ တီယာနေးအနေနဲ့ ခေါ်ယူစဉ်ကတည်းက ပထမ ၆ ပတ်လောက်ကို ပြန်လည်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေနဲ့သာ အချိန်ကုန်ဆုံးနေရသူပါ။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အာဆင်နယ်အသင်းက နော်တင်ဟမ်ဖောရက်စ်ကို ၅-၀ နဲ့ အနိုင်ယူခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာတော့ အာဆင်နယ်အတွက် ပထမဆုံး စတင်ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။
အဲ့နောက် စတန်းဒက်လီဂီနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ပထမဆုံး မိနစ်၉၀ ပြည့် ပါဝင်ကစားခဲ့ပြီး အာဆင်နယ် အသင်းက ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
“အခုတော့သူ ပရီးမီးယားလိဂ်ပွဲအတွက် အသင့်ဖြစ်နေပါပြီ။ဒါကြောင့် ကျွန်တော်တို့မှာ ဘယ်နောက်ခံ နေရာ အတွက် ကစားသမားနှစ်ဦးအထိ ရှိသွားပါပြီ။ တနင်္လာပြီးရင် ကျွန်တော်တို့ နောက်ထပ် ပွဲပေါင်းများစွာ
ကစားရဦးမှာပါ။ဒါကြောင့် ကစားသမားအားလုံး ရနိုင်သလောက် အကုန်လိုအပ်ပါတယ်။” လို့ အမ်မရီက ဆိုခဲ့ပါ တယ်။
တီယာနေးအနေနဲ့ စတေကာ့တလန်အသင်းက ရုရှား၊ဆမ်မာရီနိုတိုနဲ့ ကစားခဲ့တဲ့ ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် လူစာရင်းမှာတော့ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
အာဆင်နယ်အသင်းအတွက် နောက်ထပ် သတင်းကောင်းတစ်ရပ်ကတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၇ ပွဲလောက် လွဲချော်ထားတဲ့ တိုက်စစ်မှူး လာကာဇက်တီလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၈ ပွဲကစား ၄ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးထားပြီး အဆင့် ၃ နေရာမှာ ရမှတ် ၁၅ မှတ်နဲ့ ရပ်တည်နေပါတယ်။