ပန်းခြံတစ်ခုရဲ့ ခြံစည်းကို စက်ဘီးနဲ့ဝင်တိုက်မိပြီး ဦးခေါင်းဒဏ်ရာရခဲ့ပါတယ်။

သြစတြေးလျမှာ ငှက်ကျားတစ်ကောင်း ထိုးဆိတ်တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ကြိုးပမ်းခဲ့ရာမှ စီးနင်းလာတဲ့ စက်ဘီးမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

(Photo: FairFax Media/Getty Images)

တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၅ ရက်) က ဆစ်ဒနီမြို့တောင်ပိုင်းမှာ စက်ဘီးစီးနင်းလာသူ အသက် ၇၆ နှစ်အရွယ် အမျိုးသားဟာ ငှက်ကျားတစ်ကောင်က ထိုးဆိတ်တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့စဉ် ပန်းခြံတစ်ခုရဲ့ ခြံစည်းကို စက်ဘီးနဲ့ဝင်တိုက်မိပြီး ဦးခေါင်းဒဏ်ရာရခဲ့ပါတယ်။



ထိုအမျိုးသားရဲ့ ဦးခေါင်းဒဏ်ရာကို ကုသရန်ကြိုးပမ်းခဲ့ကြပေမဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ သြစတြေးလျမှာ နွေဦးရာသီအတွင်း ငှက်ကျားများ ထိုးဆိတ်တိုက်ခိုက်မှုတွေ ပုံမှန်ဖြစ်ပွားလေ့ရှိပြီး စက်ဘီးစီးသူတွေနဲ့ လမ်းလျှောက်သွားလာသူတွေ ဒဏ်ရာရတတ်ကြပေမဲ့ ယခုကဲ့သို့ လူသေဆုံးမှုဖြစ်စေတဲ့ မတော်တဆမှုမှာ ရှားပါးကြောင်းသိရပါတယ်။

(Photo: ABC News)

ဆစ်ဒနီမြို့တောင်ဘက် Wollongong မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သေမှုသေခင်း အစီရင်ခံစာ ပြင်ဆင်ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ ယခု မတော်မတမှု ဖြစ်ပွားခဲ့တဲ့ ပန်းခြံအနီးတစ်ဝိုက်မှာ ယခင်ကလည်း ငှက်ကျားထိုးဆိတ်တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြပါတယ်။

သြစတြေလျး ငှက်ကျားတွေဟာ နာမည်တူ ဥရောပငှက်တွေနဲ့ မျိုးစိတ်မတူညီတဲ့ ငှက်တွေဖြစ်ပါတယ်။ ငှက်ကျားတွေဟာ မိတ်လိုက်ရာသီကာလမှာ ဒေါသကြီးလာနိုင်ပြီး ၎င်းတို့အနီးမှ ဖြတ်သန်းသွားတဲ့ လူတွေကို တိုက်ခိုက်တတ်ကြပါတယ်။

(Photo: AAP)

ယခုလအစောပိုင်းမှာ ဆစ်ဒနီဒေသဆိုင်ရာကောင်စီက မြို့ခံတွေကို နှစ်အတန်ကြာ ထိုးဆိတ်တိုက်ခိုက်ခဲ့ပြီး "Windsor Road Monster" လို့ နာမည်ပေးထားကြတဲ့ ငှက်ကျားတစ်ကောင်ကို သက်ဆိုင်ရာဌာန အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ဖြင့် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ငှက်ကျားဟာ ဆစ်ဒနီမြို့ Hills Shire နယ်မြေမှာ လူတွေကို ထိုးဆိတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခံရသူအချို့ဟာ ဆေးရုံရောက်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ ငှက်ကျား ထိုးဆိတ်တိုက်ခိုက်ခံရတဲ့ မြို့ခံတစ်ဦးဟာ ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ခဲ့ကြောင်း အစိုးရသတင်းဌာန ABC က ပြောပါတယ်။

(Photo: Independent)

ငှက်ကျားကိုပစ်သတ်မှုဟာ နောက်ဆုံး ဖြေရှင်းနည်းတစ်ခု ဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ ငှက်ကျားပရိသတ်တွေနဲ့ တိရိစ္ဆာန်ချစ်သူတွေက ကောင်စီရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့ကြပါဘူး။ လူတွေကို ထိုးဆိတ်တိုက်ခိုက်တတ်တဲ့ အလေ့အထရှိပေမဲ့ အဖြူနဲ့အနက် နှစ်ရောင်ရောစပ်နေတဲ့ ငှက်ကျားတွေကို သြစတြေးလျမှာ လူအများအပြားက ချစ်ခင်နှစ်သက်ကြပြီး ငှက်ကျားမျိုးစိတ်တွေကို ဥပဒေဖြင့် ကာကွယ်ထားကြောင်းလည်း BBC သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က