ပထမပိုင်းမှာပဲ ၅ ဂိုးအထိ သွင်းယူခဲ့တာပါ။

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ဧည့်သည်ဝက်ဖို့ဒ်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။

ပထမပိုင်းစတင်ပြီး ၁ မိနစ်မှာပဲ ဒေးဗစ်ဆေးလ်ဗားက ဒီဘရိုင်းရဲ့ ပေးပို့မှုကနေတဆင့် မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၇ မိနစ်မှာ အဂူရိုက မန်ချက်စတာစီးတီးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၁၂ မိနစ်မှာ မာရက်ဇ်က တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ အိမ်ရှင်မန်ချက်စတာစီးတီးအသင်းကို အဖက်ဖက်က ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ ၁၅ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားက စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ၁၈ မိနစ်မှာ လူကပ်ခံထားရခြင်းမရှိတဲ့ အိုတာမန်ဒီက အဂူရို ပေးပို့လိုက်တဲ့ဘောလုံးကို အမှားအယွင်းမရှိသွင်းယူပြီး ပဉ္စမမြောက်သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အိမ်ရှင်မန်ချက်စတာစီးတီးအသင်းက ကစားအားကို လျှော့ချခြင်းမရှိဘဲ ဝက်ဖို့ဒ်အသင်းဘက်ကို တရကြမ်းဆက်လက်တိုက်စစ်ဆင်ကစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ၄၉ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားက မန်ချက်စတာစီးတီးအသင်းအတွက် ဆဌမမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။



မိနစ် ၆၀ မှာ ဘာနာဒိုဆေးလ်ဗားက ၎င်းရဲ့ ဟက်ထရစ်သွင်းဂိုးအဖြစ် ဒီဘရိုင်းရဲ့ ပေးပို့မှုကနေတဆင့် သွင်းယူသွားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက သတ္တမမြောက်သွင်းဂိုးကို ရရှိသွားခဲ့ပါတယ်။ ၈၅ မိနစ်မှာ ဒီဘရိုင်းက မာရက်ဇ်ရဲ့ ပေးပို့မှုကနေတဆင့် မန်ချက်စတာစီးတီးအသင်းအတွက် အဌမမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။


အိမ်ရှင်မန်ချက်စတာစီးတီးအသင်းဟာ ဝက်ဖို့ဒ်အသင်းကို ဂိုးပေါက်ကန်သွင်းမှု ၂၆ ကြိမ် ပြုလုပ်ခဲ့ရာမှာ ၈ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်အသင်းကနေ အိမ်ရှင်မန်ချက်စတာစီးတီးအသင်း ဂိုးပေါက်ကို ကန်သွင်းမှုတစ်ကြိမ်မှတောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က