မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ဝက်ဖို့ဒ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့ စိတ်ပျက်စရာခြေစွမ်းကို ကာကွယ် ပြောကြားသွားခဲ့ပါတယ်။
ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်ကို ဆိုးလ်ရှား စတင်ရောက်ရှိလာချိန်ကတည်းက အကောင်းဆုံးပုံစံ ပြသနေခဲ့သူဖြစ်ပေမယ့် ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာတော့ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်၊ မာရှယ်ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး မိနစ် ၉၀ မှာ ဒိုကိုရေးက ဝက်ဖို့ဒ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ မော်ဒိုဗာ၊ အိုက်စ်လန်အသင်းတို့နဲ့ပွဲစဉ်တွေမှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပြီး မန်ယူအသင်းနဲ့ခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်း ပြသနိုင်ခဲ့သူဖြစ်ပါတယ်။
ပေါ့ဂ်ဘာာ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ပြီး စိတ်ပျက်စရာခြေစွမ်းသာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်နေခြင်းမရှိဘဲ ပေါ့ဂ်ဘာအနေနဲ့ ဘောလုံး ပိုမိုရရှိဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ပေါလ်က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားဖြစ်ပြီး ဒီနေ့မှာ ကျွန်တော်တို့ ဘောလုံးကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး”
“သူက ပြင်သစ်အသင်းအတွက် ၂ ပွဲသွားကစားပေးခဲ့ပြီး နည်းနည်းပိုပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သူ့အတွက် ဘောလုံးရအောင် ပိုပြီးလုပ်ပေးရမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။