မန္တလေးမြို့သူ မြို့သားတွေ ဖျက်ဆီးတာ မဟုတ်ဘူးလို့ ပြိုင်ပွဲစီစဉ်သူကိုဇေသီဟက ယုံကြည်ထားပါတယ်။

မန္တလေးသား လက်ဝှေ့သမား မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဆိုင်းဘုတ်တွေကို ဖျက်ဆီးနေတာကတော့ အကြောင်းမညီညွတ်ဘူးလို့ ကိုဇေသီဟက ပြောခဲ့ပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကျင်းပမယ့် WLC-7 MIGHTY WARRIORS ပြိုင်ပွဲအတွက် ပြိုင်ပွဲအ ကြို လှုံ့ဆော်ရေး ဆိုင်းဘုတ် ၅ ခု ဖျက်ဆီး ခံခဲ့ရတယ်လို့ WLC ပြိုင်ပွဲ စီစဉ်သူ ကိုဇေသီဟက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။



ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး DuwunSports က ကိုဇေသီဟကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ - “ ကျွန်တော်တို့ မန္တလေးမြို့တွင်း ထားရှိထားတဲ့ ဗီနိုင်း ၅ ခု ဖျက်ဆီးခံရတာပါ။ ဒီလို ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာ မန္တလေးမြို့သူမြို့သားတွေက ပြိုင်ပွဲလာကျင်းပတာ မကြိုက်လို့လုပ်တာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ လောကသားတွေထဲကပဲ အချင်းချင်း လုပ်တာပါ။ ဒါပေမယ့် ဒါက အသေးအမွှားပါ၊ ပွဲကိုတော့ ပုံမှန်အတိုင်း လုံခြုံရေးနဲ့ ကျင်းပသွားမှာပါ။” လို့ ပြောပါတယ်။

WLC ပြိုင်ပွဲတွေကို မြန်မာ လက်ခမောင်း ကုမ္ပဏီက စီစဉ်ကျင်းပနေတာ ဖြစ်ပြီး အခုတစ်ကြိမ်ကတော့ ၇ ကြိမ်မြောက် ပြိုင်ပွဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ စုစုပေါင်း တွဲဆိုင်း ၇ တွဲ ပါဝင်လာပြီး အဓိက ခေါင်ပွဲအဖြစ် မြန်မာမှ စောထူးအောင်နဲ့ ပေါ်တူဂီမှ အန်တိုနီယိုဖာရာတို့ လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုကြမှာ ဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ အခုလို အဖြစ်တွေကတော့ မန္တလေးမှာ လာကျင်းပပြီး မန္တလေးသား လက်ဝှေ့သမား မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်နေတာပါ။ ပြိုင်ပွဲတစ်ခုမှာ မန္တလေးး၊ ရန်ကုန်သားဆိုပြီး ခွဲခြားလို့မရဘူးလေ၊ ပြိုင်ပွဲတစ်ခုမှာ ဝိတ်တန်းတူတဲ့သူအချင်းချင်း ထိုးရတာလေ။ ဒီလိုမျိုး မန္တလေးသားမပါလို့ ဆိုင်းဘုတ်ဖြဲတာကတော့ အကြောင်းမညီညွှတ်ဘူးလို့ ထင်ပါတယ်။” လို့ ကိုဇေသီဟက ဆက်လက် သုံးသပ်ပြောခဲ့ပါတယ်။

WLC ပြိုင်ပွဲကိုတော့ မန္တလေးမြို့မှာပြီးရင် ကရင်ပြည်နယ်မှာလည်း လာမယ့် မေလမှာ ထပ်မံ ကျင်းပနိုင်ဖို့ စီစဉ်နေပြီလို့လည်း ကိုဇေသီဟရဲ့ ပြောပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က