အိမ်ထောင်ပြုဖို့ ကြန့်ကြာနေတဲ့ မအေးသောင်းက လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သူ့ရဲ့ စိတ်ကူး အိပ်မက်လေးတွေ အကောင်အထည်ဖော်ခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။
Photo: Aye Thaung
အေးဝတ်ရည်သောင်းတစ်ယောက် သူ့ရဲ့ချစ်သူလေးက သူ့ကို ပိုးမွေးသလိုမျိုး ချစ်တတ်တဲ့ အကြောင်း ပြောပြလာပါတယ်။ သူမကိုယ်တိုင် ချစ်မိသွားတဲ့ အချက်လေးတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။
‘’ အချစ်ရေးကတော့ ပေါက်စီ စိတ်ချမ်းသာရပါတယ်။ ချစ်သူကလည်း ပေါက်စီကို ပိုးမွေးသလိုပဲ မွေးထားတယ်။ ဂရုစိုက်တယ်၊ သူ့ရဲ့ အကောင်းဆုံးအချက်ကတော့ အလုပ်လုပ်နေတဲ့အချိန်မှာ နောက်ဆံမတင်းရအောင် စိတ်ပူစရာကောင်းတဲ့ ယောကျ်ားတစ်ယောက်မဟုတ်ဘူး။ အဲဒါလေးက ပေါက်စီ ချစ်တဲ့ အချက်တွေ’’ လို့ သူက ပြောပါတယ်။
Photo: Aye Thaung
မအေးသောင်းဟာ အသက် ၃၀ ကျော်အရွယ် ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘဝတစ်ခု တည်ထောင်ဖို့ ကြန့်ကြာနေတဲ့ အကြောင်းကိုလည်း ‘’ ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အရွေးများနေလို့ ဆိုရင်လည်း အပျိုကြီး ဇီဇာကြောင်တယ်လို့ အပြောခံရဦးမယ်။ ရွေးတယ်ဆိုတာ ပေါက်စီက ကိုယ့်အိပ်မက်လေးတွေ၊ စိတ်ကူးလေးတွေ အကောင်အထည်ဖော်ချင်သေးတယ်။ သူ့ကိုလည်း သူ့ရဲ့ အိပ်မက်တွေ စိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့် ပြုရမှာပေါ့နော်။ နှစ်ယောက်စလုံး အဲဒီလို ဖြစ်နေတဲ့အတွက် မယူဖြစ်သေးတာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Aye Thaung
မအေးသောင်းဟာ ချစ်သူသက်တမ်း ကြာကြာနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လေ့လာဖို့ အချိန်ယူနေတုန်းလို့ ဆိုပါတယ်။
‘’ မိန်းကလေးတိုင်းကတော့ အချစ်ရေးမှာ စိတ်ချမ်းသာချင်ကြတယ်။ အချစ်ရေးနဲ့ အိမ်ထောင်ရေးက မတူဘူး။ သူ့ရဲ့ အားနည်းချက်၊ အားသာချက် တွေကို ကိုယ်က နားလည်ပေးနိုင်မယ်ဆိုရင်တော့ ညှိနှိုင်းတာ တွေမှာ ပြဿနာမရှိနိုင်ဘူးလို့ထင်တယ်။ အိမ်ထောင်ပြုပြီးတော့မှ သူ့အကြောင်း ကိုယ့်အကြောင်း ပိုသိလာမယ်ဆိုရင်တော့ ပြဿနာရှိနိုင်တာပေါ့နော်’’ လို့ ဆိုပါတယ်။
Photo: Aye Thaung
၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။