လူပျိုကြီး ခန့်စည်သူ တစ်ယောက် အိမ်ထောင်ရေး ဇာတ်ကားတွေပဲ ရိုက်နေရတဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ သူ့ရဲ့ လက်ရှိ နှလုံးသားအခြေအနေကိုလည်း ဖွင့်ဟခဲ့ပါသေးတယ်။
Photo: Kyaw Soe Win
သရုပ်ဆောင်ခန့်စည်သူကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် တည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး အိမ်ထောင်ရေး ဇာတ်ကားတွေ အရိုက်များဖြစ်နေတဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ကျွန်တော်တို့ အနုပညာသမားဆိုတာက ဆေးစက်ကျရာ အရုပ်ထင်ရတာပေါ့နော်။ ဟာသဆိုရင်လည်း ဟာသ အလျှောက်၊ ဒရာမာဆိုရင်လည်း ဒရာမာ အလျှောက်ပေါ့။ ဒါရိုက်တာ ဇာတ်ညွှန်းအရ ဆေးစက်ကျရာ အရုပ်ထင်ရတာပါပဲ။ အိမ်ထောင်ရေးကျတော့ ကိုယ်တွေက အသက်သာကြီးဟာ ဝါက နုတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့ညက ‘’ကွီးတို့မာယာ’’ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Kyaw Soe Win
ခန့်စည်သူဟာ မကြာခင်ရုံတင်ပြသတော့မယ့် ကွီးတို့မာယာ ရုပ်ရှင်ဇာတ်ကားမှာလည်း အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို ပြောပြလာပါတယ်။
‘’ ကျွန်တော်တို့ထက် ကိုရဲတို့၊ ကိုရာဇာတို့ကတော့ အများကြီး စီနီယာကျတာပေါ့နော်။ မခိုင်ကြီးဆိုလည်းစီနီယာကျတာပေါ့။ မခိုင်လေးတို့ အာဂူး(ကြည်လဲ့လဲ့ဦး)တို့ ကျတော့လည်း ကျွန်တော်နဲ့ ခေတ်ပြိုင် အနုပညာသူငယ်ချင်းတွေဆိုတော့ အလုပ်အတူတူလုပ်ရတာပျော်ပါတယ်။ ရှေးဟောင်းနောက်ဖြစ်တွေ ပြောကြတာပေါ့’’လို့ သူကဆိုပါတယ်။
Photo: Kyaw Soe Win
ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။