တော့တင်ဟမ်ဟော့စပါးကို အဆင့်အတန်းတစ်ခုအထိ ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့သူပါ။

တော့တင်ဟမ်ဟော့စပါးအသင်း လေ့ကျင့်ရေးကွင်းထဲကနေ လူတစ်ဦး ဘေးလွယ်အိတ်တစ်လုံးလွယ်ရင်း လက်တစ်ဖက်က သေတ္တာတစ်လုံးကို ဆွဲပြီး မရယ်မပြုံး ထွက်လာတာကို မြင်ရသည်။ သူ၏ မျက်လုံးသည် ရှေ့ကိုလည်း မကြည့်၊ ဘေးဘီကိုလည်း မကစား၊ တစ်လှမ်းချင်းလှမ်းနေသော ခြေလှမ်းကိုသာ ရေတွက်နေသလို ထင်ရသည်။ လေ့ကျင့်ရေးကွင်း ကားပါကင်မှာ ရပ်ထားတဲ့ ကားကို တံခါးဆွဲဖွင့်ပြီး ကားနောက်ဖုံးထဲကို ပစ္စည်းတွေထည့်ပြီးတဲ့အခါမှာတော့ သူ့ မျက်နှာမှာ အပြုံးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုအပြုံးကို အဓိပ္ပာယ်ဖော်ရခက်ခဲပေမယ့်လည်း အပြုံးပိုင်ရှင်ကတော့ နည်းပြရာထူးကနေ ရုတ်တရက် အထုတ်ပယ်ခံခဲ့ရတဲ့ ပိုချက်တီနိုဆိုတာကိုတော့ အခက်အခဲမရှိ တန်းပြောနိုင်ပါသည်။

တော့တင်ဟမ်ဟော့စပါးအသင်းဆိုသည်မှာ နည်းပြပိုချက်တီနို မကိုင်တွယ်မီ ၁၀ ရာသီအတွင်း အဆင့် ၄ နေရာကိုသာ အမြင့်မားဆုံး တက်လှမ်းထားနိုင်ခဲ့ပြီး ဒီထက်ပိုပြီးလည်း မျှော်လင့်နိုင်စရာမရှိတဲ့ အသင်းလို့ဆိုလျှင် ပိုမှန်သည်ဟု ဆိုရမည်ဖြစ်သည်။ ဆောက်သမ်တန်အသင်းကို ၂၀၁၃-၂၀၁၄ ရာသီမှာ စတင်ကိုင်တွယ်ပြီး ယင်းအချိန်က ချန်ပီယံ မန်ချက်စတာစီးတီး၊ လီဗာပူး၊ ချယ်ဆီး စတဲ့ထိပ်သီးအသင်းကြီးတွေကို မယုံကြည်နိုင်စရာ အနိုင်ယူနိုင်ခဲ့တဲ့ အာဂျင်တီးနားသား လူငယ်နည်းပြတစ်ယောက်ကို ပရီးမီးယားလိဂ်အသင်းကြီးတွေက သတိထားမိတာကတော့ မဆန်းဟု ဆိုရမည်ဖြစ်သည်။ ဆန်းသည်က နောက်တစ်ရာသီမှာပဲ တော့တင်ဟမ်ဟော့စပါးရဲ့ ဝှိုက်ဟတ်လိန်းကို အသက် ၄၂ နှစ်အရွယ် လူငယ်နည်းပြလေး ပိုချက်တီနို ရောက်ရှိလာခြင်းပင်ဖြစ်သည်။

ထိပ်သီးအသင်းလည်းမဟုတ်၊ အဆင့်နိမ့်အသင်းလည်းမဟုတ်သည့် တော့တင်ဟမ်ဟော့စပါးလို အလယ်အလတ်တန်းအသင်းတစ်သင်းကို ကို်င်တွယ်ရတော့မည့် ပိုချက်တီနိုတစ်ယောက် ရှေ့ဆက်ရမယ့် မျှော်လင့်ချက်တွေနဲ့ အစွမ်းကုန်တက်ကြွနေခဲ့သည်။ ပွဲဦးထွက်ရာသီမှာပဲ တော့တင်ဟမ်ဟော့စပါးအသင်းကို လိဂ်ဖလား ဗိုလ်လုပွဲတက်ရောက်နိုင်အောင် နည်းပြပေးနိုင်ခဲ့ပြီး ဝင်ဘလေကွင်းမှာ ချယ်ဆီးအသင်းရဲ့ ၂-၀ နဲ့ အနိုင်ယူခြင်းခံခဲ့ရတာကြောင့် ပိုချက်တီနိုရဲ့ ကြိုးစားအားထုတ်မှု ပေါ်လွင်သင့်သလောက် မပေါ်လွင်ခဲ့ပေ။

သို့ပေမယ့်လည်း ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ရှေ့က နည်းပြတွေဖြစ်တဲ့ တင်ရှားဝုဒ်ထက် ပိုလက်စောင်းထက်တယ်ဆိုတာကိုတော့ ပြသနိုင်ခဲ့တာကို ပိုချက်တီနို ကျေနပ်မိခဲဲ့သည်။ အသင်းရဲ့ထိပ်တန်းတိုက်စစ်မှူးဖြစ်လာမယ့် အကယ်ဒမီထွက် လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ယုံကြည်မှုအပြည့်ပေးထားကြောင်း ပြသသည့်အနေနဲ့ ရာသီကုန်မှာ စပိန်တိုက်စစ်မှူး ဆိုဒါဒိုကို ရောင်းထုတ်ပစ်လိုက်ပြီး အမ်ကေဒွန်းအသင်း လူငယ်ကြယ်ပွင့် ဒယ်လီအလီကို ပေါင် ၅ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့သည်။

နောက်ရာသီမှာတော့ လူငယ်တိုက်စစ်မှူးဟယ်ရီကိန်းက အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာတဲ့အတွက် ပိုချက်တီနိုရဲ့ လောင်းကစားဆန်ဆန် အရဲစွန့်မှုက အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ရာသီမှာ အဆင့် ၂ နေရာအထိ ရပ်တည်နိုင်ခဲ့တဲ့အတွက် ပိုချက်တီနိုရဲ့ မျှော်လင့်ချက်တွေဟာ ပိုမိုအသက်ဝင်လာခဲဲ့သည်။ သို့ပေမယ့်လည်း ချန်ပီယံဖြစ်နိုင်ဖို့ လိုအပ်တဲ့ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခွင့်မပေးတဲ့ အသင်းဥက္ကဌ ဒန်နီရယ်လီဗိုင်းရဲ့ အတွေးအခေါ်ကို ပိုချက်တီနို တဖြည်းဖြည်း နားမလည်ဖြစ်လာခဲ့သည်။

ပိုချက်တီီနိုသည် တော့တင်ဟမ်ဟော့စပါးအသင်းထက် လူအင်အားများစွာ နည်းပါးသည့် ဆောက်သမ်တန်လို အသင်းမျိုးကိုတောင် အမှတ်ပေးဇယား အဆင့် ၈ အထိ တက်ရောက်နိုင်အောင် နည်းပြပေးခဲ့သည့်နည်းပြဖြစ်သည့်အတွက် လီဗိုင်းကို လစ်လျူရှုပြီး အသင်းအောင်မြင်ဖို့ တတ်နိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်းဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။

၂၀၁၈-၂၀၁၉ ရာသီသည် ပိုချက်တီနိုရဲ့ဘဝမှာ မမေ့နိုင်စရာရာသီတစ်ခုဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ အသင်းလိုက်ညီညွတ်မှုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့သည့်အတွက် မျက်ရည်ကျတဲ့အထိ ပျော်ရွှင်ခဲဲ့ရသည်။ ဗိုလ်လုပွဲမှာတော့ ရပ်တန့်လို့မရတဲ့ခြေစွမ်းနဲ့ ဘာစီလိုနာကို အံံအားသင့်ဖွယ်ကျော်ဖြတ်လာတဲ့ လီဗာပူးကို ပိုချက်တီနိုရဲဲ့ စပါးအသင်း ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ရာသီမစတင်မီ နွေရာသီမှာတော့ အသင်းဥက္ကဌ လီဗိုင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့အတွက် ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့ ယူရိုသန်း ၁၀၀ သုံးစွဲခွင့်ပေးခဲ့တာကြောင့် အန်ဒွန်ဘီလီ၊ ရိုင်ယန်ဆီဆက်နွန်၊ လိုဆယ်ဆို(အငှား)တို့ကို ပိုချက်တီနို အလျင်အမြန်ခေါ်ယူခဲ့သည်။


သို့ပေမယ့်လည်း ကိုယ်ကခြေတလှမ်းဆိုလျှင် ငွေကို ရေလိုသုံးနေသည့် အခြားပြိုင်ဘက်အသင်းတွေရဲ့ ကစားသမားခေါ်ယူမှုက ဆယ်လှမ်းလောက်အထိ လှမ်းထားနှင့်ပြီးဖြစ်သည်ကို ပိုချက်တီနို နားလည်သည်။ ရာသီအစမှာ အသင်းရဲ့ ကစားသမားတွေက ခြေစွမ်းပိုင်း မတည်ငြိမ်သလို အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း ထင်သလောက် အလုပ်မဖြစ်တာကို ပိုချက်တီနို သက်ပြင်းခိုးရှိုက်ရင်း ကွင်းဘေးစည်းကနေ တတ်နိုင်သလောက် အားပေးနေခဲဲ့သည်။ အသင်းရလဒ်ဆိုးနေချိန်မှာ ကောလာဟလတွေကလည်း အစဉ်အလာမပျက် ထွက်ပေါ်လာခဲ့ပြီး နည်းပြသစ်အဖြစ် လျာထားတဲ့ နည်းပြလောင်း ၃ ဦးနာမည်စာရင်းတွေတောင်ထွက်လာခဲ့သည်ဆိုတော့ ပိုချက်တီနို စိတ်ထဲမှာ တထင့်ထင့်ဖြစ်နေမည်မှာ သေချာသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ အင်္ဂါနေ့မနက်ဟာ ခါတိုင်းနေ့တွေလို ရာသီဥတုအုံ့မှိုင်းမှိုင်းဖြစ်နေခဲ့သလို ပိုချက်တီနိုလည်း ပုံမှန်အတိုင်း လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး ပုံမှန်လုပ်စရာရှိတာတွေ လုပ်နေခဲ့ပါတယ်။ အခန်းတံခါးခေါက်သံနဲ့အတူ လက်ထောက်နည်းပြ ဂျီးဆပ်ပီးရက်ဇ်က ဝင်လာပြီး ဥက္ကဌလီဗိုင်းက အခေါ်လွှတ်ကြောင်း အကြောင်းကြားလာသဖြင့် ပိုချက်တီနိုပုံစံက သတင်းတွေများ ဟုတ်နေမလားဆိုတဲ့စိတ်က ပိုအလေးသာသွားဟန်နဲ့ ထိုင်ခုံကနေ ထပြီး ဥက္ကဌအခန်းဆီ လေးလံတဲ့ခြေလှမ်းနဲ့ လှမ်းသွားခဲ့သည်။

အခန်းထဲရောက်ချိန်တွင် ဥက္ကဌ လီဗိုင်းက စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေရာကနေ မော့ကြည့်ပြီး ထိုင်ခုံမှာ ထိုင်ဖို့ ပြောရင်း အိတ်ကပ်ထဲက ဘောပင်ကို ဆွဲထုတ်မလို ဒီအတိုင်းပဲ ပြန်ထည့်ထားမလို လုပ်နေသည်ကို ပိုချက်တီနို သတိထားမိသည်။ သိပ်မကြာခင်စက္ကန့်ပိုင်းအတွင်းမှာပဲ သတင်းတွေမှန်နေခဲ့တာကို ပိုချက်တီနို အံ့သြနာကျင်စွာ သိခဲ့ရပြီး ရှေ့မှာ တစ္ဆေတကောင်လို လဲလျောင်းနေတဲ့ စာချုပ်ဖျက်သိမ်းခြင်းသဘောတူစာချုပ်ကို အချိန်အတော်ကြာစိုက်ကြည့်နေမိခဲ့သည်။

ဥက္ကဌလီဗိုင်းကတော့ လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြုလုပ်နေသည့်အတိုင်း မတုန်မလှုပ်ထိုင်နေခဲ့ပြီး စာချုပ်ကို လက်မှတ်ထိုးဖို့ ပိုချက်တီနို ဘောပင်ကောက်ကိုင်ချိန်မှာ လီဗိုင်းက ပဒေသရာဇ်ခေတ်က မြေပိုင်ရှင်လေသံမျိုးနဲ့ အသင်းရဲ့အကျိုးစီးပွားအတွက် ဆုံးဖြတ်လိုက်ရတာသာဖြစ်ကြောင်း ဆင်ခြေပေးသလို၊ ကိုယ့်ဘာသာ ပြောသလို မသဲမကွဲ ရေရွတ်နေသည်ကို ကြားလိုက်ရသည်။

လီဗိုင်းရဲ့ ရုံးခန်းထဲကနေ ပြန်ထွက်လာချိန်မှာတော့ ပိုချက်တီနိုရဲ့ပုံစံက တော့တင်ဟမ်ဟော့စပါးလေ့ကျင့်ရေးကွင်းကနေ အမြန်ဆုံးထွက်သွားချင်တဲ့စိတ်တစ်ခုတည်းသာ ရှိတော့ဟန်နဲ့ သိမ်းဆည်းစရာရှိတာတွေကို အလျင်အမြန်ပဲ အိတ်ထဲထည့်နေတော့သည်။ အိတ်ထဲကို ပစ္စည်းတွေထည့်နေရင်းနဲ့ ပိုချက်တီနိုက အသင်းကို စရောက်ခဲ့တဲ့အချိန်ကို ရောက်လိုက်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အောင်မြင်မှုကို လက်တကမ်းအကွာမှာ လက်လွှတ်လိုက်ရတဲ့အတွက် အသင်းသားတွေကို အားပေးထားခဲ့ပြီး ကိုယ်တိုင်ကတော့ ရုံးခန်းထဲမှာ ဘယ်သူနဲ့မှ စကားမပြောနိုင်ဘဲ ငိုင်နေမိခဲ့တဲ့အချိန်တွေကို ပြန်ရောက်လိုက်နဲ့ အတွေးတွေလည်နေပုံရပါသည်။

အခန်းထဲကနေ အထွက် အဝတ်လဲခန်းကို လှမ်းကြည့်မိတော့ ကစားသမားတွေမရှိတဲ့ အခန်းက တိတ်ဆိတ်နေသည်ကို ပိုချက်တီနို သတိထားမိသွားပြီး ရုတ်တရက်အကြံတစ်ခု ရလိုက်ဟန်နဲ့ ခြေလှမ်းတွေက အဝတ်လဲခန်းဆီ ဦးတည်သွားသည်။ လက်ထောက်နည်းပြ ဂျီးဆပ်ပီးရက်ဇ်က စိတ်အခြေအနေ မကြည်မလင်ဖြစ်နေတဲ့ ပိုချက်တီနိုရဲ့ နောက်ကနေ ခပ်ဆိတ်ဆိတ်ပဲ လိုက်လာခဲ့ပြီး အခန်းထဲအရောက်မှာ ဝှိုက်ဘုတ်ပေါ် စာရေးနေတဲ့ ပိုချက်တီနိုကို မြင်မှ အဝတ်လဲခန်းထဲ လာရတဲ့ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ ဂျီးဆပ်ပီးရက်ဇ်ရဲ့လက်က ဘောင်းဘီအိတ်ထဲက ဖုန်းဆီ ရောက်သွားခဲ့ပြီး အသင်းမှာ နောက်ဆုံးရှိတဲ့အချိန်မှာ ကစားသမားတွေကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ခွင့်တောင်မရဘဲ ဝှိုက်ဘုတ်ကနေတဆင့် နှုတ်ဆက်နေရတဲ့ ပိုချက်တီနိုကို စိတ်မကောင်းစွာနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားလိုက်သည်။ လက်ထောက်နည်းပြ ဂျီးဆပ်ပီးရက်ဇ်အဖို့ ရေးချင်တာ ရေးပြီးတဲ့နောက် ဘေးလွယ်အိတ်ကို ကောက်လွယ်ရင်း လက်တစ်ဖက်က လက်ဆွဲသေတ္တာတလုံးကို ဆွဲပြီး ကားပါကင်ဆီ ထွက်ခွာသွားတဲ့ ပိုချက်တီနိုကို နောက်ကနေ အသာလေး ငေးကြည့်နေမိတော့သည်။

Share

က္က