ဆုပန်ထွာတို့ မိသားစုက ဝမ်းဗိုက်ကနေ မစင်စွန့်နေရတဲ့ မိဘမဲ့ကျောင်းက သမီးလေးအတွက် ခွဲစိတ်မှု ကုန်ကျငွေကို အပြည့်အဝ တာဝန်ယူခဲ့ကြပါတယ်တဲ့။ ဒီ သမီးလေးအတွက် ဆုပန်ထွာကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။
Photo: Su Pan Htwar
သရုပ်ဆောင် ဆုပန်ထွာ တို့ မိသားစုဟာ မေလ ၄ ရက်နေ့က YGW ပရဟိတ မိဘမဲ့ကျောင်းမှာ ဗိုက်ကနေဖောက်ပြီး မစင်စွန့်ရတဲ့ ကလေးအတွက် ခွဲစိတ်မှုတွေကို တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့လှူ ဖြစ်တဲ့အလှူလေးပါ။ မန္တလေး YGW ပရဟိတမိဘမဲ့ကျောင်းအသင်း မှာရှိတဲ့ဗိုက်ကနေဖောက်ပြီး မစင်စွန့်ရတဲ့သမီးလေးတစ်ယောက်ကိုသူ ကောင်းသွားအောင်ခွဲစိတ်တဲ့အခါတတ်နိုင်သလောက်လှူဖို့ 2.3.2019 သွားလှူခဲ့ကြတုန်းကတွေ့ပြီး၊ တာဝန်ယူခဲ့ပါတယ်’’ ဆိုပြီးတော့ မေလ ၄ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Su Pan Htwar
ကလေး လေး အပေါ်မှာလည်း ဆုပန်ထွာက အရမ်းကို သနားမိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ သာမန်ကလေးတစ်ယောက် ဖြစ်လာဖို့ကိုလည်း မျှော်လင့်တယ်ဆိုတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြထားပါသေးတယ်။
‘’သူ့ကိုကြည့်တော့ အသားလေးကဖြူဖွေးလို့၊မျက်နှာလေးကလည်း ချောမှချော ရင်ထဲသူ့ကြည့်ပြီးသနားလွန်းလို့ ဒီမိဘမဲ့ကျောင်းကိုဘယ်လိုရောက်လာလည်း သူ့အကြောင်းလေးတွေအကုန်မေး၊ သူ့ကိုသာမာန်လူတွေလို ဘယ်လိုပြန်လုပ်ပေးရင်ရမလဲ။ ဘုန်းဘုန်းကိုလျောက်တော့ သူခံနိုင်ရည်ရှိပြီးခွဲစိတ်နိုင်တဲ့အခါ သာမာန်လူတွေလိုလုပ်ပေးလို့ရတယ်ဆိုတော့ " ဒါဆို သူ့ကိုလုပ်ပေးပါဘုရား တပည့်တော်မတို့မိသားစု ကနေတတ်နိုင်သလောက်တာဝန်ယူပါ့မယ် ပြောခဲ့တာမို့ အခုသူခွဲစိတ်တဲ့အခါ
အစစအရာရာဘုန်းဘုန်းပြောတဲ့ ကုန်ကျစရိတ်တွေလှမ်းလှူ ဖြစ်ပါတယ်။အနားမှာ ကလေးကိုသေချာလုပ်ပေးနိုင်ချင်ပေမယ့်အဝေးကပဲတတ်နိုင်သလောက်လေးကူဖြစ်ပါတယ်’’ လို့လည်း ဆက်လက်ပြောပြလာပါတယ်။
Photo: Su Pan Htwar
ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူတွေဖြစ်ကြပါတယ်။ ဘာသာတရားလည်း အရမ်းကို လေးလေးနက်နက် လုပ်ဆောင်ကြသူတွေပါ။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မင်္ဂလာသက်တမ်း ၄ နှစ်ကျော်လာပါပြီ။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။
Photo: Su Pan Htwar
ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သလောက်အောင် ချစ်တယ်’’ ဆိိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။