မြန်မာတွေအတွက် ဂုဏ်ယူစရာ တစ်ခုပါ။

ပြည်တွင်းမှာသာမက ပြည်ပမှာပါ အောင်မြင်သူတစ်ယောက် ဖြစ်ချင်တဲ့ သူမရဲ့ စိတ်ကူးလေးက အရမ်းကို ချီးကျူးဖို့ ကောင်းလှပါတယ်။

Photo ; ဟန်တီ

ငယ်စဉ်ကတည်း အနုပညာနဲ့ပတ်သက်လာရင် ဝါသနာပါခဲ့တဲ့ ဟန်တီကို အလှမယ် ပြိုင်ပွဲတွေကနေ ပရိသတ်တွေ စတင်သတိထားမိလာကြတာပါ။ အခုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ပြိုင်ပွဲတွေ ဝင်ပြီး နိုင်ငံတကာကပါ သူမကို သတိထားမိလာကြပါပြီ။ ဟန်တီက အလှမယ် ပြိုင်ပွဲတင်မဟုတ်ပါဘူး မကြာခင်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Asia Model Awards 2019 ပြိုင်ပွဲကြီးမှာလည်း Model Star Award ဆုကို ရရှိပိုင်ဆိုင်ခဲ့သလို ပြိုင်ပွဲကြီးမှာလည်း ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရပါသေးတယ်။ ဒိုင်လုပ်ရမယ်ဆိုတာ မသိခဲ့တဲ့ သူမအတွက် ဒိုင်လုပ်ပေးဖို့ ကမ်းလှမ်းခြင်း ခံရတဲ့အပေါ်မှာ အရမ်းကို ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒိုင်လုပ်ရမယ်ဆိုတာ တကယ်မသိခဲ့ဘူးပေ့ါနော်။ သူတို့က လည်း မပြောထားဘူး။ ပြီးတော့မှ မန်နေဂျာတွေက ဒိုင်လုပ်ပေးရမယ်လို့ ပြောလာတာ။ အရမ်းတော့ လန့်သွားတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်ဆုံးဖြတ်ချက် ချပေးလိုက်တဲ့အရာက Winner ရသွားတဲ့လူဆီမှာ အများကြီး သက်ရောက်မှုရှိတော့ အရမ်းလည်း ကြောက်တယ်။ ကိုယ်လည်း သေသေချာချာ တကယ်တော်တဲ့သူ တကယ်အဆင်ပြေတဲ့သူ ဘက်လိုက်တာမျိုး မရှိအောင် သေချာ အမှတ်တွေ ပေးခဲ့ပါတယ်” လို့ ဟန်တီက ဆိုပါတယ်။

Photo ; ဟန်တီ

သူအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အဖြစ် နောက်ထပ် ဆုတစ်ဆုကို ရယူပေးနိုင်ခဲ့လို့လည်း အရမ်း ဂုဏ်ယူမိပါတယ်တဲ့။

“ဒီဆုက ဟန်တီကို မော်ဒယ်တစ်ယောက်အနေနဲ့ Asia အဆင့် သတ်မှတ်ပေးလိုက်တယ်။ အရမ်းကို ဂုဏ်ယူရပါတယ်။ မြန်မာအနေနဲ့ ဒီဆုကို ရခဲ့တာ ဟန်တီအနေနဲ့ ရခဲ့တာမဟုတ်ဘူး။ မြန်မာနိုင်ငံက ဟန်တီဖြစ်တယ်ဆိုတော့ အရမ်းပျော်ပါတယ်။ မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သွားတဲ့ အခါမှာ ကိုယ်က မြန်မာ့ဂုဏ်ဆောင် ပွဲတွေလည်း အများကြီး ပြိုင်ခဲ့တယ်။ ဒီတစ်ခေါက်မှာလည်း ထပ်ပြီးဆုရတယ်ဆိုတော့ အတိုင်းမသိဝမ်းသာရပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ဟန်တီဟာ ကိုရီးယားမှာ ကျင်းပခဲ့တဲ့ Asia Model Awards 2019 ပြိုင်ပွဲကြီးရဲ့ စင်မြင့်ထက်မှာ ကိုရီးယားစကားကို ပိုင်ပိုင်နိုင်နိုင်နဲ့ ပြောနိုင်ခဲ့တဲ့အတွက်လည်း ကိုရီးယားတွေအလယ်မှာ မျက်နှာပွင့်လန်းခဲ့ရပါသေးတယ်။ 

Photo ; ဟန်တီ

ငယ်ရွယ်သေးပေမယ့်လည်း မိဘရဲ့ အုပ်ထိန်းမှု ဆရာသမားများရဲ့ သွန်သင်ဆုံးမမှုတွေကို နာခံတတ်တဲ့ သူတစ်ယောက်ဖြစ်လို့ ယခုချိန်ထိ အောင်မြင်မှုတွေ ရရှိပိုင်နိုင်နေတဲ့ သူလည်း ဖြစ်ပါတယ်။ သူမကို မွေးထုတ်ပေးခဲ့တဲ့ Miss Golden Land ရဲ့ National Direction တစ်ဦဖြစ်တဲ့ ဟန်ဇော်လတ်ကလည်း သူမရဲ့ ကြိုးစားမှုနဲ့ ပတ်သက်ပြီး ယခုလို Duwun Media ကို ပြောပြခဲ့ပါတယ်။

“ဟန်တီက လိမ္မာတယ် စကားလည်း နားထောင်တယ်။ သူ့ကို နိုင်ငံကိုယ်စားပြုအနေနဲ့ ပရောဂျက်တစ်ခုပေးလိုက်တယ်ဆိုရင် သေသေချာချာ အာရုံစူးစိုက်ပြီးလုပ်တယ်။ အခုချိန်ထိလည်း လိမ္မာရေးခြား ရှိတယ်။ ယဉ်ကျေးတယ်ပေ့ါ။ သူလိုအလှမယ်လေးတစ်ယောက်ကို မွေးထုတ်ပေးခွင့်ရလို့လည်း organization အနေနဲ့ အများကြီး ဂုဏ်ယူပါတယ်။ organization က ဘယ်လောက် support ကောင်းကောင် းသူကိုယ်တိုင် ကြိုးစားလို့လည်း ပါပါတယ်။ သူလိုလူမျိုးမွေးထုတ်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူတယ်” လို့ သူက ဆိုပါတယ်။

ဟန်တီက အပြင်မှာလည်း လိမ္မာယဉ်ကျေးသူ တစ်ဦး ဖြစ်သလို အိမ်မှာလည်း မိဘအပေါ်မှာ သိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ခေါင်းမာတဲ့အထဲမှာပါပေမယ့် အမေဖြစ်စေချင်တဲ့အတိုုင်း အမြဲတမ်း လုပ်ပေးတဲ့ သမီးလိမ္မာလေးဖြစ်တယ်လို့ ဟန်တီရဲ့ မေမေက ပြောပါတယ်။

“အမေပြောတိုင်း ပထမဆုံးက အရင်ငြင်းတာပဲ ပြီးမှအမေကိုသနားလို့လားမသိဘူး အမေဖြစ်စေချင်တာ အမြဲလုပ်ပေးတဲ့ သမီးလိမ္မာလေးပေါ့။အသုံးအစွဲ က အမေထက်ပိုချွေတာတယ် ။လောဘလည်းမကြီးတတ်ဘူး ။သူ့အားနည်းချက်က နည်းနည်းခေါင်းမာတတ်တော့ သတိထားပြီး စကားချိုချိုပြောရတယ်။အနုပညာ နဲ့ပတ်သက်တဲ့ ပန်းချီတို့ လက်မှုပညာအလှအပလေးတွေဆိုလည်း အားလုံးနီးပါး မကျွမ်းပေမယ့် တတ်တယ်။အန်တီအတွက်တော့ သမီးက အန်တီ့အသက်ထက်အရေးကြီးတဲ့ သမီးလိမ္မာလေးပါ” လို့ဆိုပါတယ်။



Photo ; ဟန်တီ

အသက်(၂၀) အရွယ်သာ ရှိသေးတဲ့ သူမမှာ ကြီးမားလှတဲ့ အိပ်မက်တွေ အများကြီး ရှိလို့နေခဲ့တာကိုလည်း တွေ့ရပါတယ်။

“ဟန်တီပြည်တွင်းမှာလည်း အောင်မြင်အောင် အများကြီး ကြိုးစားနေပါတယ်။ အဓိကက ဟန်တီရဲ့ ကြိုးစားမှုကို ပြည်တွင်းတစ်ခုတည်းတင်မဟုတ်ဘဲ ပြည်ပကိုပါ ရအောင်လှမ်းကြည့်တာပါ။ ဘယ်အရာမဆို ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။ ကိုယ်ဒီတိုင်း အိမ်မှာထိုင်နေလို့ ဘယ်သူမှ ခေါ်မှာမဟုတ်ဘူး။ ဘယ်သူမှလည်း ဆုပေးမှာ မဟုတ်ဘူး။ ကိုယ်ကနေ ကြိုးစားရတယ် ။သူတို့ကို ချပြရတယ်။ ဟန်တီကတော့ ပြည်တွင်းရော ပြည်ပရော ဟန်တီရဲ့ ကြိုးစားမှု ဟန်တီ လုပ်နိုင်တယ်ဆိုတာ ကို သူတို့ အသိအမှတ်ပြုတယ်။ နှစ်သက်တယ်ဆိုရင် ဟန်တီကို အလုပ်တွေ ကမ်းလှမ်းလာမယ်လို့ထင်တယ်” လို့ သူမရဲ့ ကြိုးစားမှုနဲ့ အိပ်မက်ကို ပြောပြခဲ့ပါတယ်။

ဟန်တီက အနုပညာပိုင်းမှာသာမက ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ New York Film Academy ရဲ့ Acting For Film one year Diploma နဲ့ Business Management HND ရထားပြီး အခု လက်ရှိမှာ International Business Management Advance Diploma အတန်းတက်နေပါတယ်။ကိုရီးယား ဘာသာစကား အဆိုနဲ့ K Pop အက လေ့လာနေပါတယ်လို့လည်းသိရပါတယ်။


Photo ; ဟန်တီ

လက်ရှိမှာသူမတတ်မြောက်ထားတဲ့ ပညာရပ်တွေကို ပြန်လည်မျှဝေတဲ့အနေနဲ့ Personal Training ဆိုတဲ့ သင်တန်းကို ဖွင့်ထားပါသေးတယ်။

“သင်တန်းက ဟန်တီတတ်ထားတဲ့ အသိပညာ အတတ်ပညာ လေးတွေမျှဝေလိုတဲ့ရည်ရွယ်ချက်လေးနဲ့ ဖွင့်ထားတာပါ။တယောက်နဲ့တယောက် လိုအပ်ချက်မတူကြတဲ့အတွက် တဦးချင်းဆီကို အဓိကထားသင်ပေးသွားမှာပါ။အချိန်ကတော့ ညှိနှိုင်းရမှာဖြစ်ပြီး အသက်ရှစ်နှစ်အထက် မိန်းကလေးတွေကို အဓိကသင်ကြားသွားမှာပါ။ ဒီသင်တန်းနဲ့ သင့်လျော်တဲ့သူတွေက အနုပညာနဲ့အလှမယ်၊မော်ဒယ် ဝါသနာပါတဲ့သူတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတဲ့သူတွေ ခေတ်သစ်ပညာရေးစနစ်အတွက် Presentation skills ကောင်းခြင်းတဲ့သူ မိမိနဲ့လိုက်ဖက်ညီအောင် သွားတတ် လာတတ် ပြင်တတ် ဝတ်စားတတ်ချင်တဲ့သူတွေ ကိုယ့်မှာ ဘာ Talent ရှိသလဲဆိုတာ ရှာဖွေချင်တဲ့သူတွေနဲ့သင့်လျော်ပါတယ်” လို့ သူမက Duwun Media ကို ပြောပြခဲ့ပါသေးတယ်။

Photo ; ဟန်တီ

ဟန်တီဟာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေ ရယူပေးနိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်က Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့ပြီး Miss Supranational 2014 အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် ပိုလန်နိုုင်ငံမှာ ကျင်းပတဲ့ Miss Supranational 2014 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ် စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး နိုင်ငံပေါင်း (၉၈)နိုင်ငံထဲမှာ သူမက Top(10) ဝင်ခဲ့ပြီး Miss Asia and Oceania and Miss Internet Award ဆိုတဲ့ ဆုနှစ်ဆုကို ရရှိခဲ့ပါတယ်။

Photo ; ဟန်တီ

အဲ့ဒီနောက် မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ “မချစ်တတ်သေးဘူး”ဆိုတဲ့ သီချင်းခွေကို ထွက်ရှိခဲ့ပါသေးတယ်။ အဲဒီအခွေထဲက တချို့သီချင်းလေးတွေဆိုလည်း အခုထက်တိုင် ပရိသတ်အားပေးမှု ရရှိနေတာ တွေ့ရပါတယ်။

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Organization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က