ကလေးငယ်က လီဗာပူးလ်ရှုံးပွဲတွေ့စေဖို့ ကလော့ပ်ကို တောင်းဆိုခဲ့တာပါ။

ဒါရက်ဂ်ကာလေလို့ အမည်ရတဲ့ ကလေးငယ်က ကျောင်းသင်ခန်းစာတစ်ခုအတွက် လီဗာပူးလ်အသင်းနည်းပြဆီကို စာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။


အသက် (၁၀)နှစ်အရွယ် ယူနိုက်တက်ပရိသတ်ကလေးငယ်တစ်ဦးဟာ လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်စီက ပြန်ပေးပို့ခဲ့တဲ့စာကို ရရှိပြီးနောက်မှာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါရက်ဂ်ကာလေလို့ အမည်ရတဲ့ ကလေးငယ်က ကျောင်းသင်ခန်းစာတစ်ခုအတွက် လီဗာပူးလ်အသင်းနည်းပြဆီကို စာရေးသားပေးပို့ခဲ့တာဖြစ်ပြီး ကလော့ပ်က စာပြန်ပို့ခဲ့တာလို့ BBC ကဖော်ပြခဲ့ပါတယ်။ 

ဒါရက်ဂ်လေက လီဗာပူးလ်အနေနဲ့ လက်ကျန်ရာသီပွဲစဉ်တွေကို အရေးနိမ့်ပြီး အမှတ်ပေးဖလားကိုဆုံးရှုံးအောင်လုပ်ပေးနိုင်မလားမေးမြန်းခဲ့ပါတယ်။ ကလော့ပ်က ယူနိုက်တက်ပရိသတ်လေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်းပြမှုကို ချီးကျူးခဲ့ပြီး လီဗာပူးလ်က ရမှတ်တွေဆုံးရှုံးမှာမဟုတ်ဘဲ ဘာလို့မဆုံးရှုံးရမှာလဲဆိုတာကို အကြောင်းပြချက်တွေနဲ့ ဖြေရှင်းသွားခဲ့ပါတယ်။ 

ဒါရက်ဂ်လေရဲ့ စာထဲမှာတော့ "လီဗာပူးလ်က ပွဲအများကြီးကို အနိုင်ရရှိခဲ့ပါတယ်၊ နောက်ထပ် ၉ ပွဲအနိုင်ရခဲ့မယ်ဆိုရင် အင်္ဂလန်ဘောလုံးသမိုင်းမှာ ရှုံးပွဲမရှိတဲ့စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်တော့မှာပါ၊ ယူနိုက်တက်ပရိသတ်တစ်ဦးအတွက်တော့ ဒါက ကြေကွဲစရာပါပဲ၊ ဒါကြောင့် လာမယ့်ပွဲတွေမှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်အောင်ဖန်တီးပေးပါ၊ အခြားအသင်းတွေကို ဂိုးသွင်းခွင့်ပြုပြီး လိဂ် နဲ့ တခြားပွဲတွေမှာ အနိုင်မရဖို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ ပါဝင်ခဲ့ပါတယ်။ 

ဒါရက်ဂ်လေရဲ့ဖခင်က BBC ကို ပြောဆိုခဲ့ရာမှာ ကလော့ပ်ဆီက ပြန်ကြားစာရောက်ရှိလာခဲ့လို့ အံ့အားသင့်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကလော့ပ်ရဲ့ ပြန်စာထဲမှာတော့ "ဒီလိုအချိန်မျိုးမှာ မင်းရဲ့တောင်းဆိုမှုကို ငါမလိုက်လျောနိုင်တာ ကံဆိုးတာပါပဲ၊ ရွေးချယ်စရာလည်းမရှိပါဘူး။ မင်းအနေနဲ့ လီဗာပူးလ်ရှုံးပွဲတွေ့ဖို့ ဆန္ဒရှိပေမယ့် ငါ့အလုပ်ကတော့ လီဗာပူးလ်အနိုင်ရဖို့ အရာအားလုံးကို ပြုလုပ်ပေးရမှာပါ"

"ဒါက ကမ္ဘာတလွှားက လူသန်းပေါင်းများစွာရဲ့ ဆန္ဒလည်းဖြစ်ပါတယ်၊ ဒီအတွက် သူတို့တွေစိတ်ပျက်သွားအောင် ငါမလုပ်နိုင်ဘူး၊ မင်းအတွက်ကံကောင်းတာက အရင်တုန်းက ငါတို့ပွဲတွေအရေးနိမ့်ခဲ့ပြီး အနာဂတ်မှာလည်း ရှုံးနိမ့်ဦးမှာပါ၊ ဘာလို့လဲဆိုတော့ ဒါက ဘောလုံးဖြစ်နေလို့ပါပဲ" လို့ ပါဝင်ခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 


"မန်ချက်စတာယူနိုက်တက်အနေနဲ့ မင်းလိုပရိသတ်မျိုးကို ပိုင်ဆိုင်ထားတာ ကံကောင်းပါတယ်၊ မင်းရေးတဲ့စာကို ဖတ်ပြီးတဲ့နောက် ငါမပြောင်းလဲနိုင်တာတစ်ခုကတော့ ဘောလုံးနဲ့ ကလပ်အသင်းအပေါ်ထားတဲ့ မင်းရဲ့စိတ်ဓာတ်ပိုင်းပဲလို့ ငါသေချာပေါက်ပြောနိုင်ပါတယ်၊ တကယ်လို့ ငါတို့ဆုဖလားတွေရခဲ့မယ်ဆိုရင်လည်း မင်းစိတ်ပျက်မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်၊ ငါတို့နှစ်သင်းက ကြိးမားတဲ့ပြိုင်ဘက်တွေဖြစ်နေပေမယ့်လည်း တစ်သင်းနဲ့တစ်သင်းကြားမှာ လေးစားမှုအများကြီးရှိပါတယ်၊ င့ါအတွက်တော့ ဘောလုံးဆိုတာက အဲဒါပါပဲ" လို့ ကလော့ပ်က ပြန်ရေးသားခဲ့တဲ့မှုမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

Share

က္က