၂၀၁၃ ခုနှစ်မှာ Uber ရဲ့ နည်းပညာအရာရှိချုပ် ဖြစ်လာခဲ့သူ ဗီယက်နမ်နွယ်ဖွား အမေရိကန်လူမျိုးအင်ဂျင်နီယာ တူအန်ဖန်ဟာ မေလ ၁၆ ရက်နေ့မှာ ကုမ္ပဏီကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Securities and Exchange Commission မှာ တင်ထားတဲ့ Uber ရဲ့ အချက်အလက်တွေထဲမှာ တူအန်ဖန်ရာထူးက နှုတ်ထွက်မယ့်အကြောင်းကို ဖော်ပြထားပါတယ်။ Uber CTO ရာထူးက နှုတ်ထွက်မယ့်သတင်းကို The Information ကလည်း ဖော်ပြထားပြီး ဝန်ထမ်းဦးရေ ၂၀% ကိုလည်း Uber ဟာ လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Photo: Yahoo finance
ဝန်ထမ်းအင်အား လျှော့ချမှုအကြောင်းကို လာမယ့်ရက်သတ္တပတ်တွေမှာ ကြေညာသွားဖို့ ရှိနိုင်ပါတယ်။ ဝန်ထမ်းပေါင်း ၂၇၀၀၀ ခန့်အပ်ထားတဲ့ Uber ကနေ ၂၀% လျှော့ချသွားမယ်ဆိုရင် ခန့်မှန်းခြေ ဝန်ထမ်းပေါင်း ၅၄၀၀ အလုပ်အကိုင် ဆုံးရှုံးမှာ ဖြစ်ပါတယ်။ Uber ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဝန်ထမ်းလျှော့ချဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
Uber ကုမ္ပဏီမှာ တူအန်ဖန်ရဲ့ အင်ဂျင်နီယာအဖွဲ့ဟာ ဝန်ထမ်းအင်အား ၃၈၀၀ ခန့်နဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ ဒီအဖွဲ့ထဲက လူပေါင်း ၈၀၀ ဝန်းကျင်အထိ အလုပ်က ရပ်နားခံရဖို့လည်း ရှိပါတယ်။ တူအန်ဖန်ဟာ Uber ကို ပူးတွဲတည်ထောင်ခဲ့ပြီး CEO အဖြစ် ကနေ ဖိအားတွေကြောင့် ၂၀၁၈ မှာ နှုတ်ထွက်ခဲ့ရသူ ထရာဗစ်ကလန်နစ်နဲ့ သူ့ရဲ့ ယုံကြည်ရတဲ့ A team အဖွဲ့ဝင်တွေထက် သက်တမ်းပိုကြာခဲ့တဲ့ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦး ဖြစ်ပါတယ်။
VMWare ကုမ္ပဏီမှာ ၈ နှစ်ကြာ အလုပ်လုပ်နေတဲ့ တူအန်ဖန်ကို ကလန်နစ်ခ်ဟာ နှစ်ပတ်အတွင်း နာရီ ၃၀ အင်တာဗျူးပြီး CTO ရာထူးပေးခဲ့တာပါ။ Business Insider ရဲ့ အဆိုအရ ကုမ္ပဏီမှာ ရှယ်ယာ ၅.၄ သန်း ပိုင်ဆိုင်တဲ့ ဖန်ဟာ ပြီးခဲ့တဲ့နှစ် Uber IPO အရ ဒေါ်လာ ၂၃၁ သန်း ကြွယ်ဝတယ်လို့ ဆိုပါတယ်။
Photo: Flipboard
ဖန်ဟာ အသက် ၁၂ နှစ်အရွယ်မှာ မိခင်နဲ့ ညီတစ်ဦးနဲ့အတူ တစ်ခြားဒုက္ခသည်တစ်ချို့ ပါဝင်တဲ့ ငါးဖမ်းလှေတစ်စင်းနဲ့ ဗီယက်နမ်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ဒုက္ခသည်စခန်းမှာ ၁၀ လကြာ နေထိုင်ခဲ့ရပြီး မေရီလန်းကို ရောက်လာတာပါ။ ၁၉၉၁ ခုနှစ်မှာ MIT ကနေ ကွန်ပျူတာသိပ္ပံမဟာဘွဲ့ ရခဲ့တဲ့ တူအန်ဖန်ဟာ VMWare အပြင် Hwelett Packard ၊ Silicon Graphics ၊ NetGravity နဲ့ DoubleClick တို့မှာလည်း အလုပ်လုပ်ခဲ့ပါတယ်။
စီးပွားရေး ကျဆင်းမှုနဲ့ ကြုံလာနေတဲ့ Uber ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အင်ဂျင်နီယာဌာန ၊ ထုတ်ကုန်နဲ့ ဈေးကွက်ဌာနတို့မှ ဝန်ထမ်းအင်အား ၁၀၀၀ နီးပါး လျှော့ချခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ Bookings ဝန်ဆောင်မှုအပေါ် ရိုက်ခတ်မှုနဲ့ ဈေးကွက်ကျဆင်းမှု များလာခြင်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှပ်နှံသူတွေရဲ့ စိုးရိမ်မှုကြောင့် Uber ရဲ့ ရှယ်ယာဟာ ပြီးခဲ့တဲ့ လထဲမှာ ၅၀% ကျော် ကျဆင်းခဲ့ပါတယ်။