တာဝန်ရှိသူတွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ဖြေကြားတဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ ဝန်ထမ်းတွေကို ဂုဏ်သိက္ခာရှိပြီး အဓိပါ္ပယ်ပြည့်ဝတဲ့ ဘဝကိုရစေဖို့အတွက် လုံလောက်တဲ့ လစာဝင်ငွေ စီစဉ်ပေးချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ခရီးစဉ်အတွင်း သီးသန့်အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အခြေစိုက် Nikkei Asian Review သတင်းဌာနက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ မိနစ် ၃၀ ကြာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ Nikkei Asian Review သတင်းဌာနရဲ့မေးခွန်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ရှိသူများ အဂတိလိုက်စားမှုကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းပါဝင်ခဲ့ပါတယ်။

Photo - Myanmar State Counsellor Office

“နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ နောက်ထပ် အာရုံစိုက်မှုက တာဝန်ရှိသူတွေ အဂတိလိုက်စားမှုပေါ့၊ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ကိုင်တွယ်ပါသလဲ” လို့ Nikkei Asian Review က မေးမြန်းခဲ့တာပါ။

“ကောင်းပါပြီ၊ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျွန်မတို့မှာ နည်းလမ်းနှစ်ခုရှိတယ်လို့ ကျွန်မ ထင်ပါတယ်။ ပထမတစ်ခုက အဂတိလိုက်စားသူတွေကို အရေးယူအပြစ်ပေးတာပေါ့။ ကောင်းပြီ၊ ဒါကို နည်းလမ်းသုံးခုရှိတယ်လို့ ထားလိုက်မယ်။ နောက်တစ်ခု ကျွန်မတို့ရဲ့ ပြည်သူ့ဝန်ထမ်းတွေ အဂတိလိုက်စားဖို့မလိုအောင် လုပ်ဖို့ပါ။ ဒါကြောင့် ကျွန်မတို့ ဝန်ထမ်းတွေကို ဂုဏ်သိက္ခာရှိပြီး အဓိပါ္ပယ်ပြည့်ဝတဲ့ ဘဝကိုရစေဖို့အတွက် လုံလောက်တဲ့ လစာဝင်ငွေ စီစဉ်ပေးချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

“ပြီးတော့ တတိယနည်းလမ်းကတော့ ကျွန်မတို့က လူတွေရဲ့ ခံယူချက်တွေကို ပြောင်းလဲပစ်ရမယ်လို့ ကျွန်မ ထင်ပါတယ်၊ ပုံမှန်အခြေအနေတစ်ရပ်မှာ အဂတိလိုက်စားတာကို ကျွန်မတို့နိုင်ငံမှာ အခုထိ လက်မခံပါဘူး၊ ကျွန်မတို့ပြည်သူတွေက အဂတိလိုက်စားတာကို ဂုဏ်ယူနေကြတာ မဟုတ်ပါဘူး၊ အဂတိလိုက်စားရတာကို ဂုဏ်ယူတယ်လို့ ဘယ်မြန်မာကမှ မပြောပါဘူး၊ သူတို့က အဂတိလိုက်စားမှုတစ်ခုခုမှာ ပါဝင်ပတ်သက်ဖို့ အမြဲ ငြင်းဆန်ပါလိမ့်မယ်၊ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါ၊ ဒါက အဂတိလိုက်စားမှုဟာ မှားတယ်လို့ သူတို့က လုံးဝ လက်ခံထားတယ်လို့ ဆိုလိုတာပါ၊ တချို့ လူ့အဖွဲ့အစည်းတွေမှာတော့ အဂတိလိုက်စားမှုကို နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံထားကြတယ်လေ” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

Photo - Myanmar State Counsellor Office

အခက်ခဲဆုံးလို့ ယူဆရတဲ့ ခံယူချက်အပိုင်းမှာတော့ မြန်မာတွေမှာ အခြေခံကောင်းတွေ ရှိနေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ယုံကြည်ထားပါတယ်။

“ခံယူချက်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဒါက အခက်အခဲဆုံးလို့ ထင်မြင်ယူဆကြတယ်။ အဲဒီနေရာမှာ တိုးတက်အောင် ကူညီပေးမယ့် အခြေခံတန်ဖိုးတွေ ကျွန်မဆို့ဆီမှာ ရှိတယ်လို့ ထင်တယ်။ အခုဆိုရင် ကျွန်မတို့မှာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ကျွန်မတို့မှာ အရမ်းကို တက်ကြွတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရှိတယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် သူတို့ကို ပံ့ပိုးမှုတွေ အကောင်းဆုံးပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒါမှသာ သူတို့ဟာ အဂတိလိုက်စားမှုတွေ မလုပ်ဘဲ ဂုဏ်သိက္ခာရှိပြီး အဓိပ္ပာယ်ပြည့်စတဲ့ ဘဝကို ရရှိကြမှာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

Nikkei Asian Review သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် ဖွံ့ဖြိုးမှုအခြေအနေ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်များ စသဖြင့် မေးခွန်းမြောက်မြားစွာကိုလည်း မေးမြန်းခဲ့ပါတယ်။

Share

Loading Next Article...
က္က