ဒီနေ့ အမှုဖွင့်လိုက်တာပါ။

အခြေခံပညာကျောင်းစာမေးပွဲရက်ပြင်ဆင်တာကို ပညာရေးဝန်ကြီးဌာနက တရားဝင်မထုတ်ပြန်လို့ဆိုပြီး ဦးဆောင် ဆန္ဒပြခဲ့တဲ့ ဗကသ ကျောင်းသား (၃) ဦးကို ငြိမ်းစုစီဥပဒေပုဒ်မနဲ့ ဒီနေ့ ဖေဖော်ဝါရီ (၅) ရက်က ချမ်းအေးသာဇံမြို့နယ် အမှတ် (၃) ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

Photo- MPA

ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ကျောက်ပန်းတောင်းအစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းမှ ထူးခန့်သော်၊ မန္တလေးပညာရေးတက္ကသိုလ်မှ အောင်မျိုးကိုနဲ့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂမှ မမူဇူးဇန်တို့ (၃) ဦးကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ကို ဒီနေ့အမှုဖွင့်လိုက်တယ်ဆိုပြီးတော့ အကြောင်းကြားလာတာရှိပါတယ်။ တရားဝင်စာတော့ မရောက်သေးပါဘူး။ဒီနေ့လုပ်ရပ်က ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ပြောခွင့်မရသေးဘူးဆိုတာကို ပြလိုက်တာပါပဲ” လို့ အမှုဖွင့်ခံရသူတစ်ဦးဖြစ်တဲ့ ထူးခန့်သော်က Duwun ကိုပြောပါတယ်။

မနေ့ ဖေဖော်ဝါရီလ (၄) ရက်ကမန္တလေးပညာရေးကောလိပ်မှ ကျောင်းသားကျောင်းသူ အယောက် (၅၀) တို့ဟာ ကောလိပ်ဝင်းအတွင်းနဲ့ လမ်းမပေါ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ကျောင်းသားတွေကနေ မန္တလေးပညာရေးကောလိပ်ပင်မအဆောက်အဦးကို ပိတ်ဆို့တားဆီးခဲ့ရာ ကျောင်းသူတစ်ဦးမှ “ တီချယ်တို့ အနေနဲ့ ဒါကိုမကြိုက်ဘူးဆိုရင် ကျောင်းပြင်ထွက်နေ၊ သမီးတို့ ကျောင်းကိုသိမ်းပိုက်လိုက်မယ်” လို့ ပြောဆိုခဲ့တာက လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို လာရောက်ညှိနှိုင်းအောင် ကျောင်းရဲ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဆွေးနွေးပေးဖို့ ပြောဆိုခဲ့တာဖြစ်ပြီး ကျောင်းသူဘက်က စကားလုံး ရွေးချယ်မှု မှားယွင်းသွားခဲ့တာကြောင့်လို့ ဆန္ဒပြ ဦးဆောင်သူ ကိုထူးခန့်သော်က ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

မနေ့က ဆန္ဒပြခဲ့ရာမှာ မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းအခုရပ်၊ အာဏာရှင်ဆန်တဲ့ ပညာရေးပြောင်းလဲမှု အလိုမရှိ ၊ သုတေသနကို အခြေမခံတဲ့ ပညာရေးစနစ် အလိုမရှိ လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။

ကျောင်းသား (၃) ဦး အမှုဖွင့်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် အမှတ် (၃) ရဲစခန်း စခန်းမှူးကို Duwun က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖုန်းပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

Share

Loading Next Article...
က္က