မူးယစ်ဆေးဝါးနဲ့ အဖမ်းခံခဲ့ရတာပါ။

အဆိုတော်ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း နှစ်ဦးကို လက်ရှိ တရားစွဲထားတဲ့ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကျမှတ်နိုင်တယ်လို့ သိရပါတယ်။ သူ့ကိုတော့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Photo: Phyo Pyae Sone



ဖြိုးပြည့်စုံ ရင်ဆိုင်နေရတဲ့ လက်ရှိအမှုအခြေအနေကိုတော့ ဗဟန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးစောထွန်းအေးကမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြည့်ပြည့်စုံစုံပြောပြလာပါတယ်။

 ‘’ အမှုအပြည့်အစုံကတော့ ဖြိုးပြည့်စုံကို မူးယစ်ဆေးဝါး သတင်းအရ မြန်မာပလာဇာအရှေ့က ကော်ဖီဆိုင်မှာ အစွပ်အစွဲခံရသူ သုံးယောက်ကိုတွေ့တယ်။ အဲဒီသုံးယောက်ကတော့ ဖြိုးပြည့်စုံရယ်၊ ချမ်းငြိမ်းကိုရယ်၊ ရော်နီဆန်းလွင်ရယ်၊ အဲဒီမှာ ရော်နီဆန်းလွင်ရဲ့ လက်ထဲမှာ ကားသော့တစ်ချောင်းကိုတွေ့တော့ မေးတယ်။ ဒါ ဘယ်သူ့ကားသော့လဲလို့မေးတော့ ဖြိုးပြည့်စုံရဲ့ ကားသော့ပါ ဆိုတော့ ရဲတွေကလည်း မူးယစ်ဆေးဝါးသတင်းအရ ဒီကားကိုရှာမယ်၊ ဆရာစံရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေနဲ့ အတူ ဒီကားကိုရှာတယ်’’ လို့ ဆိုပါတယ်။

Photo: Facebook

အဆိုတော် ဖြိုးပြည့်စုံနဲ့အတူ တေးရေး ချမ်းငြိမ်းကိုနဲ့ တေးရေး ရော်နီ ဆန်းလွင်တို့ စီးနင်းလာခဲ့တဲ့ ကားအတွင်းထဲက ကျောပိုးအိတ်ထဲမှာတော့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုဒ်မ ၁၉(က)/၂၁ နဲ့ တရားစွဲထားတယ်လို့လည်း ဦးစောထွန်းအေးက ပြောပါတယ်။

‘’ကားနောက်ခန်းမှာ ကျောပိုးအိတ် တစ်အိတ်ကိုတွေ့တယ်။ ကျောပိုးအိတ်ကို ဖွင့်လိုက်တဲ့အခါမှာ ကက်တမင်းလို့ခေါ်တဲ့ အလေးချိန် ဝ.၄ ဂရမ်ရှိတဲ့ မူးယစ်ဆေးဝါး ၁၀ ပြားတွေ့တယ်။ လွယ်အိတ်အတွင်းမှာပဲ ဖြိုးပြည့်စုံရဲ့ မှတ်ပုံတင်ကိုတွေ့တယ်။ ဖြိုးပြည့်စုံရဲ့ ၀၉ ၅၁၄၇၅၃၅ ပါတဲ့ I Phone ကို တွေ့တယ်။ ရော်နီဆန်းလွင်ရဲ့ လက်ထဲမှာ ဖုန်းတစ်လုံးတွေ့တယ်၊ ချမ်းငြိမ်းကိုရဲ့ လက်ထဲမှာ ဖုန်းတစ်လုံးတွေ့တယ်။ သူတို့ သုံးယောက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မအရ ၁၉(က)/၂၁ နဲ့ တရားစွဲဆိုထားတာပါ။ ရမန်ကာလကတော့ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရမန်ကြီး နှစ်ပတ် ပေးထားပါတယ်’’ လို့ သူကဆိုပါတယ်။

လက်ရှိမှာ အဆိုတော် ဖြိုးပြည့်စုံနဲ့ အတူ နောက်ထပ် သူငယ်ချင်း ၂ ယောက်ကို တရားစွဲထားတဲ့ ပုဒ်မ အရ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ်အကန့်အသတ် မရှိ ချမှတ်နိုင်တယ်လို့လည်း ဦးစောထွန်းအေးက ပြောပြလာပါတယ်။

‘’ ပြစ်ဒဏ်အတိုင်းအတာကတော့ ပြစ်မှုကျူးလွန်တာ သေချာရင်တော့ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်နိုင်တယ်ဆိုတာကိုတော့ ကျွန်တော် ပြောကြားလိုပါတယ်။ ဖမ်းမိတဲ့ ဆေးပြားတွေကို စစ်ဆေးဖို့က မူးယစ်အဖွဲ့က ကိစ္စတွေပါ။ တရားလိုကတော့ မူးယစ်ရဲတပ်ဖွဲ့ကပဲ အမှတ် ၄၀ မူးယစ်တပ်ဖွဲ့ မြောက်ပိုင်းက ဒုရဲအုပ် ဝေဖြိုးဦး ဖြစ်ပါတယ်။ အမှုစစ်ကတော့ ဒုရဲအုပ် မျိုးမင်းပါ’’ လို့ သူကဆိုပါတယ်။

Photo: Facebook

အဆိုတော် ဖြိုးပြည့်စုံကိုတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာအရှေ့ဘက်မှာရှိတဲ့ ကော်ဖီဆိုင်မှာ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က