ရှေ့မှာ အခက်အခဲနဲ့အခွင့်အလမ်းတွေက ခြုံအကွယ်မှာ ရှိနေမလား

ဖေဖော်ဝါရီ ၄ ရက် ၊ ၂၀၀၄ ခုနှစ်ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ နေ့ပါ။

Photo: Washington Post



         ဟားဘတ်ကျောင်းသား မတ်ခ်ဇူကာဘတ်ဟာ အသက် ၂၀ အရွယ်မှာ သူ့ရဲ့ အခန်းဖော်သူငယ်ချင်းတွေ ဖြစ်တဲ့ အဒူရာဒို ဆေဗာရင်း ၊ အန်ဒရူး မက်စ်ကော်လန် ၊ ဒတ်စတင် မော့စကိုဗစ်နဲ့ခရစ္စဟူးချ်စ်တို့နဲ့တွဲပြီး Facebook ကို စပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Facebook လို့ပြောလိုက်တာနဲ့ဇူကာဘတ်ခ်ကလွဲပြီး သူတို့ကို ပြင်ပလောကသားတွေ မသိတော့ပါဘူး။

         Facebook ဖြစ်လာပြီး ၃နှစ်အကြာမှာ ဇူကာဘတ်ခ်ဟာ ကိုယ်ဒူးကိုယ်ချွန်ဘဝနဲ့ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာအဖြစ်ကို ရောက်လာခဲ့ပါတယ်။ အစက တက္ကသိုလ်ကျောင်းသား အသိုင်းအဝိုင်းကြား ချိတ်ဆက်ရာ social network အဖြစ်ကနေ အခုဆို ကမ္ဘာပေါ်က လူပေါင်း သန်း ၂၂၇၀ ကျော် သုံးနေတဲ့ ဧရာမလူမှုကွန်ရက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

         မတ်ခ်ဇူကာဘတ်ရဲ့ ထူးခြားမှုက ဟားဗတ်မှာ စိတ်ပညာမေဂျာနဲ့ကျောင်းတက်ခဲ့ပေမယ့် နည်းပညာနဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဘဝကို ကိုယ့်ဘာသာ မောင်းနှင်လာခဲ့တာပါ။ ဟားဗတ်မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့နှုတ်ထွက်ခဲ့တဲ့ သူဟာ နောက် ၁၂ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ဟားဗတ်ကပဲ ဂုဏ်ထူးဆောင် ဥပဒေဒေါက်တာဘွဲ့ နှင်းအပ်ခံရသူ ဖြစ်လာပါတယ်။

         ဘွဲ့နှင်းသဘင်မှာ "ကိုယ့်မှာရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ဖော်ဆောင်ခွင့်မရှိခဲ့ရင် အားလုံး ဆုံးရှုံးသွားမယ်" လို့ပြောခဲ့တဲ့ သူဟာ အခုအချိန်မှာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်အသိုင်းအဝိုင်းကြီးဖြစ်တဲံ Facebook ရဲ့ ခေါင်းကိုင်ဖခင်ဘဝကို ရောက်လာပြီ ဖြစ်ပါတယ်။ Facebook ရဲ့ လက်အောက်မှာ WhatsApp ၊ Instagram ၊ Twitter တို့လို လူမှုကွန်ရက်ကြီးတွေလည်း အားကောင်းကောင်းနဲ့လည်ပတ်နေပါတယ်။

Photo: Washington Examiner

         လောလောဆယ် WhatsApp ဝန်ဆောင်မှုကို လူပေါင်း သန်း ၁၅၀၀ ကျော်က လစဉ် သုံးစွဲနေပြီး Instagram ကို သုံးစွဲသူဦးရေက သန်း ၁၀၀၀ နဲ့အထက်မှာ ရှိနေပါတယ်။ Facebook Messenger ကိုတော့ လစဉ်လူပေါင်း သန်း ၁၃၀၀ ကျော်က အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့နှစ်က အချက်အလက်တွေ ဖြစ်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ Facebook ရဲ့ ဝင်ငွေကလည်း ၂၀၁၇ ထဲမှာ ဒေါ်လာ ၄၀.၆၅၃ ဘီလျံရှိခဲ့ပါတယ်။

         ဝန်ထမ်းပေါင်း ၃၀၀၀၀ ကျော်နဲ့လည်ပတ်နေတဲ့ Facebook ရဲ့ ၁၅ နှစ်ခရီးဟာ ၂၀၁၈ ကစပြီး အချိုကုန်လာတဲ့ အနေအထားတွေ ရှိလာပါတယ်။ လူပေါင်း ၈၇ သန်းကျော်ရဲ့ အချက်အလက်ပေါက်ကြားစေခဲ့တဲ့ Cambridge Analytica ဖြစ်ရပ်ကြောင့် လွှတ်တော် ၂ ရပ်ရှေ့မှာ ဇူကာဘတ်ခ်ကိုယ်တိုင် အစစ်ဆေးခံခဲ့ရသလို ကြော်ငြာဝင်ငွေအတွက် Netflix ၊ Amazon ၊ Microsoft နဲ့Spotify အပါအဝင် Facebook နဲ့ချိတ်ဆက်ထားတဲ့ third party ကုမ္ပဏီတွေကို လူမှုကွန်ရက်သုံးသူတွေရဲ့ private message များ ဝင်ဖတ်ခွင့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ထားသလို နောက်ဆုံး လူငယ်တွေကို တစ်လ ဒေါ်လာ ၂၀ ပေးဖို့အချက်အလက် နှိုက်ယူနေတဲ့ ပြဿနာတွေလည်း တက်နေပါတယ်။

Photo: BGR

         အချက်အလက်ပေါက်ကြားမှုတစ်ခုတည်းကပဲ GDPR လို့ခေါ်တဲ့ EU ရဲ့အထွေထွေအချက်အလက်ကာကွယ်ရေးစည်းမျဉ်းနဲ့ညိမယ်ဆိုရင် အမြင့်ဆုံး ဒေါ်လာ ၁.၆ ဘီလျံကျော်လည်း ဒဏ်တပ်ခံရမယ့် အရေးနဲ့ရင်ဆိုင်နေရပါတယ်။ လောလောလတ်လတ် ပြဿနာတစ်ခုက သူနဲ့ကျောင်းနေဘတ်ဟောင်း Think Computer ကုမ္ပဏီရဲ့ founder အာရွန်ဂရင်းစပန်းမှ Reality Check နာမည်နဲ့Facebook ဟာ လစဉ် သုံးစွဲသူဦးရေကို လိမ်ထားတယ်ဆိုပြီး အစီရင်ခံစာတစ်ခု ဖော်ထုတ်ရေးသားထားပါတယ်။

         Facebook အတွက် ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်နေ့ဟာ ၁၅ နှစ်တင်းတင်းပြည့်တဲ့ နှစ်ပါ။ Facebook ရဲ့ ခရီးဟာ ဘယ်လောက်ထိ ရှည်လျားနေမလဲဆိုတာကိုတော့ ပိတ်ကားထက်က စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က