အိန္ဒိယနိုင်ငံ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ နှစ် ၁၅၀ ပြည့်မွေးနေ့မှာ ၎င်းရဲ့ အရိုးပြာများ ခိုးယူခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: Narinder Nanu/AFP via Getty Images)
ဂန္ဓီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်နေ့က အိန္ဒိယအလယ်ပိုင်းရှိ အထိမ်းအမှတ်နေရာတစ်ခုမှာ ၁၉၄၈ ခုနှစ်ကတည်းက ထိန်းသိမ်းထားရှိခဲ့တဲ့ အရိုးပြာများ ခိုးယူခံရတာဖြစ်ပါတယ်။ အရိုးပြာတွေကို ခိုးယူသွားသူတွေက လွတ်လပ်ရေးခေါင်းဆောင်ကြီး ဂန္ဓီရဲ့ဓာတ်ပုံတွေပေါ်မှာလည်း ဆေးအစိမ်းရောင်ဖြင့် 'သစ္စာဖောက်' လို့ ရေးသွားခဲ့ပါတယ်။
ဟိန္ဒူ-မွတ်စလင်မ် ညီညွတ်ရေးကို အားပေးခဲ့တဲ့ ဂန္ဓိကို ဟိန္ဒူအချို့က သစ္စာဖောက်တစ်ဦးအဖြစ် ရှုမြင်ကြကြောင်း သိရပါတယ်။ မက်ဒ်ယာပရာဒက်၇ျ်ပည်နယ် ရီဝါမြို့မှ ရဲတပ်ဖွဲ့က ဂန္ဓီရဲ့ အရိုးပြာခိုးယူခံရမှုအား စုံစမ်းစစ်ဆေးနေကြောင်း BBC Hindi သတင်းဌာနမှ Shuriah Niazi ကို အတည်ပြု ပြောကြားခဲ့ပါတယ်။
(Photo: Getty Images)
ဂန္ဓီရဲ့အရိုးပြာတွေ ထိန်းသိမ်းထားရှိရာ Bapu Bhawan အထိမ်းအမှတ်နေရာမှ တာဝန်ရှိသူ Mangaldeep Tiwari က ဂန္ဓီရဲ့အရိုးပြာတွေကို ခိုးယူမှုဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
"ဂန္ဓီရဲ့မွေးနေ့ဆိုတော့ ကျွန်တော် ဂိတ်တံခါးကို မနက်အစောကြီး ဖွင့်ထားခဲ့တယ်၊ မနက် ၁၁ နာရီမှာ ကျွန်တော် ပြန်လာတဲ့အချိန်ကျတော့ ဂန္ဓီရဲ့အရိုးပြာတွေ ပျောက်နေပြီး သူ့ဓာတ်ပုံပိုစတာမှာလည်း ဆေးအစိမ်းရောင်နဲ့ စာတွေရေးပြီး ဖျက်ဆီးထားတာ တွေ့ရပါတယ်" လို့ ၎င်းကဆိုပါတယ်။
(Photo: BBC)
ဂန္ဓီရဲ့အရိုးပြာ ခိုးယူခံရမှုကို ဒေသဆိုင်ရာ ကွန်ဂရက်ပါတီခေါင်းဆောင် Gurmeet Singh က ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ "ဒီလို ရှုးသွပ်မိုက်မဲမှုတွေ ရပ်တန့်ရမယ်၊ Bapu Bhawan အဆောက်အအုံထဲမှာ တပ်ထားတဲ့ CCTV ကင်မရာမှတ်တမ်းတွေကို စစ်ဆေးကြည့်ဖို့ ကျွန်တော် ရဲတပ်ဖွဲ့ကို တိုက်တွန်းပါတယ်" လို့ Gurmeet Singh က ပြောခဲ့ပါတယ်။
ဂန္ဓီဟာ အိန္ဒိယမှာ ဗြိတိသျှကိုလိုနီပြုမှုကို အကြမ်းမဖက်တဲ့ နည်းလမ်းဖြင့် တော်လှန်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းရဲ့နည်းလမ်းဟာ ကမ္ဘာတစ်ဝှမ်း စံနမူနာပြုစရာ ဖြစ်ခဲ့ပါတယ်။ အိန္ဒိလူမျိုးအများစုက ဂန္ဓီကို နိုင်ငံရဲ့ဖခင်ကြီးအဖြစ် လေးစားကြပါတယ်။ သို့သော် သဘောထားတင်းမာတဲ့ ဟိန္ဒူတွေကတော့ ဂန္ဓီဟာ မွတ်စလင်မ်တွေကို အရေးတယူလုပ်လွန်းကြောင်းဖြင့် ဟိန္ဒူတွေကို သစ္စာဖောက်ခဲ့တယ်လို့ ရှုမြင်မှုတွေလည်းရှိခဲ့ပါတယ်။
(Photo: AFP/Getty Images)
၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယနှစ်ခြမ်းကွဲသွားပြီး အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံဖြစ်လာခြင်းအတွက်ကိုပင် ဂန္ဓီကို အပြစ်တင်မှုတွေရှိခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီးအဖြစ် ကမ္ဘာတစ်ဝှမ်း သိထားကြတဲ့ ဂန္ဓီဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က ဟိန္ဒူအစွန်းရောက်တစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။
ဂန္ဓီ သေဆုံးသွားပြီးနောက် ၎င်းကို မီးသင်္ဂြိုဟ်ခဲ့ကြပေမဲ့ ကျန်ရှိတဲ့အရိုးပြာကိုတော့ ဟိန္ဒူထုံးစံအရ မြစ်ထဲသို့မျောချခဲ့ခြင်း မရှိပါဘူး။ အိန္ဒိယပြည်သူတွေကြား ဂန္ဓီရဲ့ကျော်ကြားမှုကြောင့် ၎င်းရဲ့အရိုးပြာတွေကို Bapu Bhawan အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ဂန္ဓီအထိမ်းအမှတ်နေရာများသို့ ခွဲဝေပေးပို့ကာ ထိန်းသိမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။