မှတ်တိုင်တစ်ခုတော့ စတင်ခဲ့ပါပြီ

ကမ္ဘာပေါ်မှာ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီနေရာမှာ ရှိတဲ့ Samsung ကတော့ ဆယ်နှစ်ပြည့် Galaxy စမတ်ဖုန်းသစ်မိတ်ဆက်ပွဲနဲ့အတူ ကုမ္ပဏီရဲ့ ထူးခြားတဲ့ မှတ်တမ်းတစ်ခုကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Photo: cnet



         ၂၀၁၀ ခုနှစ်ကစပြီး တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ စမတ်ဖုန်းအလုံးရေ သန်း ၂၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်တယ်လို့Samsung Mobile ရဲ့ CEO ဒီဂျေကို့ချ်က ဖေဖော်ဝါရီ ၂၀ ဖုန်းသစ် မိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီထဲမှာ Samsung ရဲ့ ၂၀၀၉ နဲ့၂၀၁၀ ကြား စမတ်ဖုန်းရောင်းအား မပါသေးပါဘူး။

         ဥပမာတစ်ခု ပြောမယ်ဆိုရင် Samsung ဖုန်းတွေထဲမှာ တကယ့် ရောင်းအားအကောင်းဆုံး ဖုန်းကတော့ ၂၀၀၉ ခုနှစ်မှာ ရောင်းချခဲ့တဲ့ Samsung E1100 မော်ဒယ်ဖြစ်ပါတယ်။ ၂၄ ဒေါ်လာလောက်နဲ့ဈေးကွက်ထဲ ရောက်ခဲ့ပြီး အာရှမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့တဲ့ ကီးပတ်ဖုန်းလေးပါ။ ထူးခြားတာက ၁၃ ရက်အထိ အသုံးခံတဲ့ ဘက်ထရီ ပါဝင်ပြီး အလုံးရေ သန်း ၁၅၀ ကျော်အထိ ရောင်းချနိုင်ခဲ့ပါတယ်။

         Samsung ရဲ့ စမတ်ဖုန်းသမိုင်းမှာ ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ ဖုန်းတစ်လုံးက ၂၀၁၂ မော်ဒယ် Samsung Galaxy S3 ဖြစ်ပြီး စုစုပေါင်း အလုံးရေ သန်း ၆၀ ကျော် ရောင်းထွက်ခဲ့တာကလည်း မှတ်တမ်းတစ်ခုပါ။ Samsung ရဲ့ ပထမဆုံး Galaxy S စီးရီး မော်ဒယ်ကို ၂၀၁၀ ခုနှစ်မှာ စတင် ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဒီဖုန်းကနေ Samsung ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်စေမယ့် လမ်းကြောင်းပေါ် ရောက်ရှိလာခဲ့စေတာ ဖြစ်ပါတယ။်

Photo: Techjaja

         အခုဆို Samsung Galaxy S series တွေ မိတ်ဆက်လာတာ ၁၀ နှစ်ပြည့်ချိန်ကို ရောက်လာခဲ့ပါပြီ။ ဆယ်နှစ်ပြည့် Samsung Galaxy S10 နဲ့အတူ Galaxy S10e ၊ Galaxy S10 Plus တို့လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းသုံးလုံးစလုံးဟာ Cinematic Display လို့ခေါ်တဲ့ ဖုန်းနဲ့ဇာတ်ကားကြည့်နေချိန်မှာ ကိုယ့်ကိုယ်ကို ရုပ်ရှင်ရုံထဲ ရောက်နေသလို ခံစားရမယ့် Display နည်းပညာ ပါလာပါတယ်။

         punch hole လို့ခေါ်တဲ့ ရှေ့ကင်မရာကို Screen အောက်မှာ မြှပ်ထားတဲ့ နည်းပညာ ၊ ကြိုးမဲ့အားသွင်းနိုင်တဲ့ ဖုန်းတွေအချင်းချင်း Wireless နည်းနဲ့ဘက်ထရီအား ပြန်ခွဲပေးနိုင်တဲ့ Wireless Power Share စနစ် ၊ Night Mode လို့ခေါ်တဲ့ ညဘက် ဖုန်းသုံးချိန်မျိုးမှာ ဖုန်းသုံးသူကို သက်တောင့်သက်သာ ရှိစေမယ့် feature ထည့်သွင်းလာတဲ့ One UI သစ်တွေကို ဒီဖုန်းတွေမှာ မြင်ရပြီ ဖြစ်ပါတယ်။

         Samsung ရဲ့ ဆယ်နှစ်ပြည့် Galaxy S series ဖုန်းသစ်များ မိတ်ဆက်ပွဲမှာ နောက်ထပ် စိတ်ဝင်စားစရာက နှစ်ပေါင်းများစွာ ကြာအောင် prototype အနေနဲ့ပဲ မြင်ခဲ့ရတဲ့ Galaxy Fold လို့ခေါ်တဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းကို ဈေးကွက်မှာ ဖြန့်ချိနိုင်ခဲ့တာပါ။ ဒီဖုန်းတွေအကြောင်းကိုလည်း Duwun Tech ကနေ သီးသန့်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က