IVF နည်းလမ်းဖြင့် ကိုယ်ဝန်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက အမြွှာမိန်းကလေးနှစ်ဦး မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

(အမြွှာသမီးလေးများ) (Photo: T. Vijaya Kumar)

ဆရာဝန်တွေက အဆိုပါ အမျိုးသမီးရဲ့ သားအိမ်အတွင်းသို့ ဖန်ပြွန်သန္ဓေသားလုပ်ငန်းစဉ် (In vitro fertilisation - IVF) ဖြင့် ရရှိလာတဲ့ သန္ဓေသားကိုထည့်ပေးကာ ကိုယ်ဝန်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ အမြွှာသမီးလေးနှစ်ဦးကို ဆရာဝန်တွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။



"အမေရော ကလေးတွေပါ ကျန်းမာပါတယ်" လို့ ဒေါက်တာ အူမားစန်ကာက BBC Telugu သတင်းဌာနကို ပြောခဲ့ပါတယ်။ မန်ဂါယမ်မာ ယာရာမတ်တီ အမည်ရှိ မိခင်ဖြစ်သူက သူမနဲ့ ယခုလက်ရှိ အသက် ၈၂ နှစ်အရွယ် ခင်ပွန်းတို့ဟာ အမြဲတမ်း ကလေးတွေ လိုချင်ခဲ့ကြပေမဲ့ ယခု သမီးလေးတွေ မမွေးဖွားခင်အထိ ကလေးမရနိုင်ခဲ့ကြဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

(ရာဂျာရာအိုနဲ့ မန်ဂါယမ်မာတို့ ဇနီးမောင်နှံ) (Photo: Newslions Media/MEGA)

ထို့နောက်မှာတော့ IVF နည်းလမ်းဖြင့် ကလေးရယူနိုင်ရန် လုပ်ဆောင်ခဲ့ကြရာ နှစ်လအတွင်း ကိုယ်ဝန်လွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ အလွန့်အလွန်ကို ပျော်ပါတယ်ဗျာ" လို့ သမီးလေးနှစ်ဦးရဲ့ ဖခင်ဖြစ်လာသူ အဘိုးအို ဆစ်တာရာမ ရာဂျာရာအိုက ပြောပါတယ်။

"ကျွန်မတို့ အကြိမ်အများကြီး ကြိုးစားခဲ့ကြတယ်၊ ဆရာဝန်တွေ အများကြီးနဲ့လည်း တွေ့ခဲ့ကြပါတယ်၊ ဒါကြောင့် အခုအချိန်က ကျွန်မရဲ့ဘဝမှာ အပျော်ဆုံးအချိန်ပါပဲ" လို့ အမြွှာသမီးနှစ်ဦးရဲ့မိခင် အဘွားအို မန်ဂါယမ်မာက ဆိုပါတယ်။ သူမဟာ မိခင်တစ်ဦး မဟုတ်တာကြောင့် ပတ်ဝန်းကျင်မှာ ကဲ့ရဲ့ပြောဆိုမှုတွေကို ခံစားခဲ့ရပြီး မိတ်ဆုံပွဲတွေမှာလည်း မကြာခဏ ချန်ထားခံခဲ့ရတယ်လို့ မန်ဂါယမ်မာက ဖြည့်စွက်ပြောခဲ့ပါတယ်။

(အမြွှားကလေးတွေ မွေးဖွားပြီးနောက် တွေ့ရသည့် မန်ဂါယမ်မာ) (Photo: Newslions Media/MEGA)

"သူတို့က ကျွန်မကို သားသမီးမထွန်းကားတဲ့ အမျိုးသမီးလို့ ခေါ်ကြတယ်လေ" လို့ အဘွားအိုက ဖွင့်ဟခဲ့ပါတယ်။ အမြွှာသမီးလေးနှစ်ဦး ပိုင်ဆိုင်ခွင့်ရတာကြောင့် ပျော်ရွှင်ရပေမဲ့ ကလေးတွေမွေးပြီး နောက်တစ်ရက်မှာပင် ဖခင်ဖြစ်တဲ့ ရာဂျာရာအိုဟာ လေဖြတ်သွားတာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း BBC သတင်းက ပြောပါတယ်။ ရာဂျာရာအိုနဲ့ မန်ဂါယမ်မာတို့ရဲ့ အမြွှားကလေးနှစ်ဦးကို ဗိုက်ခွဲမွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာလည်း အသက် ၇၀ ကျော်အရွယ် Daljinder Kaur အမည်ရှိ အိန္ဒိယအမျိုးသမီးက ယောက်ျားလေးတစ်ဦး မွေးဖွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ IVF နည်းလမ်းဖြင့် ကလေးယူရာမှာ အမျိုးသားရဲ့ သုတ်ပိုးနဲ့ အမျိုးသမီးရဲ့ သားဥတို့ကို ဓာတ်ခွဲခန်းရှိ အထူးပြုလုပ်ထားတဲ့ ဖန်ပြွန်အတွင်း ပေါင်းစပ်စေပြီးနောက် ရရှိလာတဲ့ သန္ဓေသားလောင်းကို သားအိမ်ထဲသို့ ထည်ပေးခြင်းဖြင့် ကိုယ်ဝန်ရစေရန် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က