ဖိလစ်ပိုင်နိုင်ငံမှာ အသက်အငယ်ဆုံးအဖြစ် ၁၂ နှစ်အရွယ် ကလေးများအား ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်အမတ်တွေက ဇန်နဝါရီ ၂၃ ရက်မှာ အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဥပဒေမူကြမ်းကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေခဲ့ပါတယ်။
(ဖိလစ်ပိုင် အောက်လွှတ်တော်မြင်ကွင်းတစ်ခု) (Photo: EPA)
ယခု ဥပဒေမူကြမ်းဟာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်းရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးကို တိုးချဲ့လုပ်ဆောင်နိုင်ရန် ဆောင်ရွက်မှုတွေအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ အစိုးရကထုတ်ပြန်တဲ့ တရားဝင် စာရင်းတွေအရ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ခဲ့တဲ့ သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အတိုက်အခံတွေကတော့ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၂၀,၀၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း ယမန်နှစ်မှာ ပြောခဲ့ကြပါတယ်။ သမ္မတဒူတာတေးရဲ့ မဟာမိတ်တွေက ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အငယ်ဆုံးအသက်ကို ၉ နှစ်သို့လျှော့ချရန် မူလက အဆိုပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။
(ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို မနီလာမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့စဉ်) (Photo: Reuters)
သို့သော် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် အောက်လွှတ်တော်မှာ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အငယ်ဆုံးအသက်ကို ၁၂ နှစ်အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပြီး ဥပဒေမူကြမ်းကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ လက်ရှိအနေနဲ့ ဥပဒေအရ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အငယ်ဆုံးအသက်မှာ ၁၅ နှစ် ဖြစ်ပါတယ်။
ဒူတာတေးအစိုးရက တင်သွင်းထားတဲ့ ယခု ဥပဒေမူကြမ်းကို အထက်လွှတ်တော်ကလည်း အတည်ပြုခဲ့ပါက ဖိလစ်ပိုင်နိုင်ငံဟာ အာဖဂန်နစ္စတန်ကဲ့သို့ပင် အသက် ၁၂ နှစ်အရွယ် ကလေးတွေကို ပြစ်မှုဆိုင်ရာဥပဒေများအရ ပြစ်ဒဏ်ချမှတ်တဲ့ နိုင်ငံဖြစ်လာမှာပါ။
(ရဲတပ်ဖွဲ့ဝင်များနဲ့အတူ တွေ့ရသည့် ဖိလစ်ပိုင်ကလေးနှစ်ဦး) (Photo: AFP)
"ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ်ချဖို့အတွက် ၁၂ နှစ်ဆိုတာ အရမ်းငယ်သေးတယ်လို့ ကျွန်တော်တို့ ထင်နေဆဲပါပဲ" လို့ လူ့အခွင့်အရေးစောင့်ကြည့်မှု တက်ကြွလှုပ်ရှားသူ ကားလို့စ်ကွန်ဒီက AFP သတင်းဌာနကို ပြောပါတယ်။ "ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ ကော်မတီကလည်း ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်ရာမှာ အငယ်ဆုံးအသက်ကို ၁၄ နှစ် ဖြစ်သင့်တယ်လို့ ပြောထားပါတယ်၊ အဲဒီထက်ပိုပြီး လျှော့ချဖို့မသင့်ပါဘူး" လို့လည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။
အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းအရ လူသတ်မှု၊ မုဒိမ်းမှုနဲ့ မီးရှို့မှုကဲ့သို့ ကြီးလေးတဲ့ပြစ်မှု ကျူးလွန်တဲ့ကလေးတွေကို လူငယ်သင်တန်းကျောင်းမှာ အကျဉ်းချထားရမယ့် ပြဋ္ဌာန်းချက် ပါဝင်လာပါတယ်။
(သမ္မတဒူတာတေးကို ရဲတပ်ဖွဲ့အခမ်းအနားတစ်ခုမှာ တွေ့ရစဉ်) (Photo: AFP)
အကယ်၍ ပြစ်မှုကျူးလွန်တဲ့ ကလေးတွေဟာ လူငယ်သင်တန်းကျောင်းမှာ ပြုပြင်ပြောင်းလဲမှု မရှိခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ၎င်းတို့ကို အရွယ်ရောက်ပြီးသူများထားရှိတဲ့ အကျဉ်းထောင်မှာ အကျဉ်းချထားနိုင်ကြောင်းလည်း သိရပါတယ်။ ဖိလစ်ပိုင်မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ပြစ်မှုကျူးလွန်သူတွေကိုထားရှိရာ အကျဉ်းထောင်တွေဟာ အကျဉ်းသားဦးရေ အဆမတန်များပြားမှုနဲ့ အန္တရာယ်ရှိမှုတို့ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားပါတယ်။
မူးယစ်ဆေးဝါးဂိုဏ်းတွေက လက်ရှိ ဥပဒေကို အခွင့်ကောင်းယူပြီး ကလေးတွေကို မက်သာဖက်တမင်း (methamphetamine) မူးယစ်ဆေးများ သယ်ယူပို့ဆောင်ရာမှာ အသုံးချနေကြတယ်လို့ ဖိလစ်ပိုင်သမ္မတဒူတာတေးက အင်္ဂါနေ့ (ဇန်နဝါရီ ၂၂ ရက်) မှာ ပြောခဲ့ပါတယ်။
(မနီလာမြို့မှာတွေရသည့် ဖိလစ်ပိုင်ကလေးငယ်များ) (Photo: AFP)
"ဖောက်သည်တွေဆီကို မူးယစ်ဆေးတွေပို့တာလည်း သူတို့ပဲ၊ ငွေလိုက်သိမ်းနေတာလည်း သူတို့ပဲ၊ ဒါက ကလေးတွေ မူးယစ်ဆေးဝါးနဲ့ ဘယ်လို ဆက်နွယ်နေတယ်ဆိုတာပဲ၊ အသက်ခြောက်နှစ်၊ ရှစ်နှစ်၊ ကိုးနှစ်၊ ၁၄ နှစ်အရွယ် ကလေးတွေပါ" လို့ သမ္မတဒူတာတေးက ဆိုပါတယ်။ ဖိလစ်ပိုင်အစိုးရက ပြင်ဆင်ပြဋ္ဌာန်းရန် လုပ်ဆောင်နေတဲ့ ဥပဒေမူကြမ်းဟာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေကို မျက်ကွယ်ပြုရာရောက်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ဖိလစ်ပိုင်ရုံးက ဝေဖန်ခဲ့ပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အငယ်ဆုံးအသက် သတ်မှတ်ချက်ကို လျှော့ချခြင်းဖြင့် ကလေးတွေကို ဥပဒေနဲ့မလွတ်ကင်းတဲ့လုပ်ရပ်တွေ စေခိုင်းနေတဲ့ အရွယ်ရောက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်း၊ ယခုလုပ်ရပ်ဟာ ကလေးတွေကို အကြမ်းဖက်ရက်စက်မှုဖြစ်ကြောင်း အဆိုပါအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။