မြောင်းမြမြို့နယ်မှာ ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံလို့ယူဆရယူကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းဆီးလိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ပျဉ်ပုံအုပ်စုမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး လည်ပင်းကိုညှစ်ပြီး ခေါင်းကိုရိုက်သတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကလေးက မေ့နေတဲ့အချိန်မှာတောထဲမှာသွားပစ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။
အဲ့ဒီနောက် ကလေးပျောက်သွားတာကြောင့် မိဘတွေက မတ်လ ၁ ရက်နေ့ မှာတောထဲ ဝင်ရောက်ရှာဖွေရာမှာ ချုံပုတ်တစ်ခုထဲမှာ ဝတ်လစ်စလစ်အနေအထားနဲ့လည်းပင်းညိုမည်း၊ ပါးစပ်သွေးထွက်၊ အောက်ပိုင်း သွေးထွက်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာကြောင့် မြောင်းမြဆေးရုံကို ပိုဆောင်ကုသစဉ် ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ သေဆုံးခဲ့တယ်လို့ မြောင်းမြမြို့မရဲစခန်းကသိရပါတယ်။
အဲ့ဒီနောက် ရဲအုပ်ဇင်မင်းဦးနဲ့ အဖွဲ့က စုံစစ်းစစ်ဆေးရာမှာ မုဒိမ်းမှု ကျူးလွန်တယ်လို့ ယူဆရတဲ့ အသက် ၁၈ နှစ်အရွယ် အောင်ဝင်းအေး ကို နာရီပိုင်းအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
"ကျူးလွန်သူက အကိုဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးချက်တွေအရနာရီပိုင်းအတွင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။"လို့ မြောင်းမြမြို့မ ရဲစခန်းက တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
ဒါကြောင့် ကျူးလွန်တယ်လို့ယူဆရတဲ့ အောင်ဝင်းအေးကို ဖမ်းဆီးပြီး မြောင်းမြမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၂၅၊ ၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေကြောင်းသိရပါတယ်။