ဒီမိုကရေစီပြည်ထောင်စုအတွက် တိုင်းရင်းသားတွေလက်တွဲပူးပေါင်းဖို့ တောင်းဆို

ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၇၁ နှစ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားတတ်ရောက်ခဲ့စဉ်။ Photo- Myanmar State Counsellor Office 

သာမလနဲ့ ဝိမလမွန်ညီနောင်နှစ်ပါးတို့က ဟံသာဝတီပဲခူးမြို့တော်ကို စတင်ထူထောင်ခဲ့တဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ဖို့ ၁၉၄၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ သံဖြူဇရပ် ပငမြို့နယ်မှာကျင်းပတဲ့ မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့တာ အခုဆိုရင် ၇၂ ကြိမ်တိုင်ခဲ့ပြီဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

မွန်တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံအတွင်းကို အစောဆုံးဝင်ရောက်နေထိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားသော တိုင်းရင်းသားလူမျိုးဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ တစ်ဦးတည်းသာဘုရင်မ ရှင်စောပု၊ သာသနာပြုမင်းကောင်းမင်းမြတ် ဓမ္မစေတီမင်း၊ ကိုလိုနီခေတ်မှာ ဂျီ-စီ-ဘီ-အေ အသင်းခေါင်းဆောင် ဦးချစ်လှိုင်စတဲ့ ထင်ရှားတဲ့ မွန်ခေါင်းဆောင်တွေရှိခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာလည်း မွန်တိုင်းရင်းသားတွေလည်း လက်တွဲပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၇၁ နှစ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားတတ်ရောက်ခဲ့စဉ်။ Photo- Myanmar State Counsellor Office 

မွန်ပြည်သစ်ပါတီကလည်း ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိအချိန်မှာ မွန်ပြည်သစ်ပါတီအပါအဝင် မွန်တိုင်းရင်းသားတွေပူးပေါင်းပါဝင်လာသည်မှာ ပြည်ထောင်စုအတွက် များစွာ ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်နေတာကြောင့် အခုချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းမှာစိန်ခေါ်မှုတွေရှိနေပေမယ့် ပြည်ထောင်စုသားသမီးတွေရဲ့ ညီညွှတ်မှုနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ အခိုင်အမာယုံကြည်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အနာဂတ်ဒီမိုကရေစီပြည်ထောင်စုလျှောက်လှမ်းရာမှာ မွန်တိုင်းရင်းသားတွေအနေနဲ့ အခြားတိုင်းရင်းသားတွေနဲ့ အတူလက်တွဲပြီး ဆက်လက်ပါဝင်နိုင်ပါကြောင်း ဆုမွန်ကောင်းတောင်းပြီး ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာပေးပို့အပ်ပါတယ်ဆိုပြီး ရေးသားထားပါတယ်။

Share

Loading Next Article...
က္က